မတရား ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီ ယနေ့ လွတ်ငြိမ်းခွင့်တွင် ပါဝင်ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊အောက်တိုဘာလအတွင်း ရန်ကုန်မြို့၊အောင်မင်္ဂလာအဝေးပြေးဝင်းအတွင် အွန်လိုင်း မှ မှာယူထားသည့် ရိုက်ကူးရေးဒရုန်း သွားယူစဉ် ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မများဖြင့် အင်းစိန် ထောင်တွင်းစစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခြင်းခံခဲ့ရသော ရှင်ဒေဝီသည် ယနေ့ (ဧပြီ၁၇ ရက်) နံနက်ပိုင်းက အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
“ဒီနေ့မနက် ၁၀နာရီခွဲကျော်လောက်ထင်တယ်။ဒီနေ့ ခပ်စောစောလွတ်လာတဲ့အထဲမှာ ရှင်ဒေဝီ ပါ လာတယ်။တခြားနိုင်ကျဉ်းတွေတော့ မသိရသေးဘူး”ဟု ရန်ကုန်အခြေစိုက် ကဗျာဆရာတစ်ဦးက MPAသို့ပြောသည်။
ယနေ့တွင် အကျဉ်းသူ/သား ၄၃၃၅ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟူသော သတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယနေ့(ဧပြီ၁၇ရက်) မတိုင်မီ သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် ၊ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်သတ်မရှိ ထောင်ကျနေသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များအရ သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲထားသူ များ မပါ) ၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျနေသူများကို ထောင်ဒဏ် နှစ် ၄၀ ၊ ထောင်ဒဏ် နှစ် ၄၀နှင့် အောက်ကျနေသူများကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ကျခံစေရန် လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း သမ္မတအတု မင်းအောင်လှိုင်က ထုတ်ပြန်ခဲ့သည်။
ယနေ့လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါသလဲဆိုသည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က စုံစမ်းနေဆဲဖြစ်သည်။
စာတည်း-ML
