လူထုခေါင်းဆောင်နှင့် သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးမည့် သတင်းမကြားရသေးဟု အတုအယောင် အစိုးရအဖွဲ့ဝန်ကြီး တစ်ဦး၏ PSO ပြော

မတရား အကျဉ်းချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးမည့် သတင်းမကြားရသေးဟု အတုအယောင် အစိုးရအဖွဲ့ဝန်ကြီး တစ်ဦး၏ PSO( သတင်းရင်းမြစ် လုံခြုံရေးအရ မည်သည့် ဝန်ကြီးဌာနဆိုသည်ကို ဖော်ပြမှုမပြုလုပ်ထားခြင်းဖြစ်သည်) က MPA သို့ ပြောသည်။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း နိုင်ငံတော်သမ္မတအမည်ခံကာ အကျဉ်းသား၊ အကျဉ်းသူ ၄,၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်လာမည့် သတင်းမှာ ယနေ့နံနက်ပိုင်းအထိ ပေါ်ထွက်လာခြင်း မရှိသေးပေ။

မင်းအောင်လှိုင် ပြန်လည်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦး၏ PSO ဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ပြန်လည်လွှတ်ပေးမည့် သတင်းနှင့် ပတ်သက်၍ ယနေ့ နံနက် ၁၀ နာရီအချိန်အထိ တစ်စုံတစ်ရာ ကြားသိရခြင်း မရှိသေးကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသည် စစ်ကော်မရှင်အနေဖြင့် ဟန်ပြလွတ်ငြိမ်းမှုများ ပြုလုပ်နေသော်လည်း နိုင်ငံရေးအရ အရေးပါသည့် ပုဂ္ဂိုလ်များကိုမူ ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းထားသည့် သဘောဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်က အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ်ပေါင်း ၃၅ နှစ် ချမှတ်ခဲ့ပြီး နေပြည်တော်မှ တောင်ငူထောင်သို့ ပြောင်းရွှေ့ခံထားရသည့် သမ္မတဦးဝင်းမြင့်ကို အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားသည်။

ယခု လွတ်ငြိမ်းအမိန့်တွင် ထူးခြားချက်အနေဖြင့် ၂၀၂၁ ခုနှစ်က ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရထားရဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် လူငယ်ငါးဦးကို ထောင်ဒဏ်တစ်သက်သို့ ပြစ်ဒဏ်လျှော့ပေါ့ ပြောင်းလဲပေးခဲ့သည်။

အဆိုပါလူငယ်များမှာ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနှင့် မမြတ်ဖြိုးပွင့်တို့ ဖြစ်ကြပြီး ၎င်းတို့ကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုကောင်းပြည့်စုံဦးကိုမူ အစိုးရပိုင်လက်နက်နှင့် ခဲယမ်းမီးကျောက် ခိုးယူရန် ကြံစည်မှု၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၁(က) နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ တို့ဖြင့် သေဒဏ်နှစ်ကြိမ်အထိ အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က အလုံဘူတာအရောက်တွင် ရထားရဲများကို တိုက်ခိုက်ခဲ့ရာ၌ ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး လက်နက်အချို့ ပြောက်ကျားတပ်ဖွဲ့များ လက်ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း စစ်အုပ်စုက စွပ်စွဲထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ ယနေ့ထုတ်ပြန်ချက်အရ သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့လည်းကောင်း၊ ထောင်ဒဏ်တစ်သက်နှင့် အကန့်အသတ်မရှိ ကျခံနေရသူများကို ထောင်ဒဏ် ၄၀ နှစ်သို့လည်းကောင်း ပြောင်းလဲခဲ့သည်။

ထို့ပြင် ထောင်ဒဏ် ၄၀ နှစ်အောက် ကျခံနေရသူများကို ကျန်ရှိသည့်ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ပေးခဲ့သော်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ပေါင်းစပ်ကျခံရမည်ဟူသော ကန့်သတ်ချက် ထည့်သွင်းထားသည်။

“သေဒဏ်ကနေ ထောင်တစ်သက် ပြောင်းပေးတာဟာ အသက်ဘေးက လွတ်သွားတယ်ဆိုပေမယ့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းထားတဲ့ သဘောပါပဲ၊” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ ယခုလွတ်ငြိမ်းချမ်းသာခွင့်သည် စစ်ကော်မရှင်က ၎င်းတို့၏ အတုအယောင်အစိုးရသစ်နှင့် သမ္မတရာထူးကို တရားဝင်မှုရရှိစေရန် ဝါဒဖြန့်သည့် ကိရိယာတစ်ခုအဖြစ် အသုံးချခြင်းသာ ဖြစ်သည်ဟုဆိုသည်။

ရာဇဝတ်မှုဖြင့် ကျခံနေရသူ အများစုကို လွှတ်ပေးခြင်းဖြင့် အကျဉ်းထောင်များအတွင်း လူဦးရေလျှော့ချရန် ကြိုးပမ်းခြင်းဖြစ်ပြီး နိုင်ငံရေးအရ အရေးပါသည့် ပုဂ္ဂိုလ်များကိုမူ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်။

မြေပြင်သတင်းများအရ လွတ်မြောက်လာသူများထဲတွင် ခိုးမှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါးမှုကဲ့သို့သော ရာဇဝတ်မှုကျူးလွန်သူများသာ အဓိကပါဝင်နေပြီး နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များမှာ လွတ်မြောက်သည့်စာရင်းတွင် ပါဝင်မှု အလွန်နည်းပါးနေကြောင်း သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ဆက်လက်ချုပ်နှောင်ထားခြင်းသည် စစ်ကော်မရှင်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းလိုစိတ် မရှိခြင်းကို ပြသနေကြောင်း နိုင်ငံရေးသမားဟောင်းတစ်ဦးက သုံးသပ်သည်။

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများ၏ အခြေအနေကို ကြည့်ခြင်းဖြင့် စစ်ကောင်မရှင်၏ စိတ်ရင်းစေတနာကို သိရှိနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

စစ်ကောင်မရှင်က ၎င်းတို့၏ အကျပ်အတည်းများမှ လွတ်မြောက်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို ကစားကွက်တစ်ခုအဖြစ် အသုံးချနေခြင်းဖြစ်ပြီး နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

သို့သော် မြေပြင်တွင် လက်နက်ကိုင်ပဋိပက္ခများနှင့် ဖိနှိပ်မှုများမှာ ယနေ့တိုင် အရှိန်မြင့်နေဆဲ ဖြစ်သည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းအချက်အလက်များ၊ မည်သည့်အကျဉ်း ထောင်များမှ မည်သူတို့ လွတ်မြောက်လာသည် ဆိုသည့် အသေးစိတ်အချက်အလက်များကို ဆက်လက် စောင့်ကြည့်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

စာတည်း-ကိုဆန်း