By The Independent
မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် ထောင်ဒဏ် ၂၇ နှစ်အနက် ၆ ပုံ ၁ ပုံခန့်ကို လျှော့ပေါ့ပေးလိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောကြားထားသည်ဟု The Independent သတင်းဌာနက ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များထဲမှ ၄ နှစ်နှင့် ၆ လကို လျှော့ပေါ့ပေးလိုက်ခြင်း (Commuted) ဖြစ်ကြောင်း ရှေ့နေဖြစ်သူက သောကြာနေ့တွင် Reuters သို့ ပြောကြားခဲ့သော်လည်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အား ကျန်ရှိသည့် ပြစ်ဒဏ်များကို နေအိမ်အကျယ်ချုပ်ဖြင့် ဖြတ်သန်းခွင့် ပြု၊ မပြုကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ စွပ်စွဲချက်အမျိုးမျိုးဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်သည်။
၎င်းအပေါ် စွဲဆိုထားသော လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု စသည့် စွပ်စွဲချက်များမှာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုတ်ချခြင်း ခံထားရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုဝင်များ သို့မဟုတ် ရှေ့နေများနှင့် တွေ့ဆုံခွင့်မရဘဲ အကျဉ်းထောင်အတွင်း ဆက်လက်ရှိနေဆဲဖြစ်ကာ ၎င်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုပင် အတိအကျ မသိရသေးပေ။
နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ၂၀၁၆ မှ ၂၀၂၁ အထိ အုပ်ချုပ်ရေးကို ဦးဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာသက်တမ်းကာလသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ချက်တိုတောင်းတစ်ခု ရှိခဲ့သောအချိန်ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းချိန်တွင် ဖမ်းဆီးခံရသော အစိုးရအဖွဲ့ဝင်များအနက် ပထမဆုံးများထဲတွင် ပါဝင်ခဲ့ပြီး ယခုအခါ နိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများထဲမှ တစ်ဦးဖြစ် သည်။
၎င်း၏ နိုင်ငံရေးခရီးစဉ်နှင့် အောင်မြင်မှု၊ ကျရှုံးမှုများကို “Cancelled: The Rise and Fall of Aung San Suu Kyi” ဟုခေါ်သော ရုပ်ရှင်မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
