တက္ကသိုလ်ရိပ်သာလမ်းရှိ အမှတ် ၅၄ အနီးတဝှိုက် ငြိမ်သက်နေဆဲ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုခေါင်းဆောင််ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် ထောင်ဒဏ် ၂၇ နှစ်အနက် ၆ ပုံ ၁ ပုံခန့်ကို လျှော့ပေါ့ပေးလိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောကြားထားသည်ဟု The Independent သတင်းဌာနက ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များထဲမှ ၄ နှစ်နှင့် ၆ လကို လျှော့ပေါ့ပေးလိုက်ခြင်း (Commuted) ဖြစ်ကြောင်း ရှေ့နေဖြစ်သူက သောကြာနေ့တွင် Reuters သို့ ပြောကြားခဲ့သော်လည်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အား ကျန်ရှိသည့် ပြစ်ဒဏ်များကို နေအိမ်အကျယ်ချုပ်ဖြင့် ဖြတ်သန်းခွင့် ပြု၊ မပြုကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လက်ရှိထိန်းသိမ်းထားရာနေရာမှ တက္ကသိုလ်ရိပ်သာလမ်းရှိ အမှတ် ၅၄ သို့ ပြောင်းရွှေ့နိုင်ခြေရှိကြောင်း သိရသော်လည်း ညနေ ၃ နာရီအထိပြောင်းရွှေ့လာခြင်းမရှိသေးကြောင်း ရန်ကုန်မြို တက္ကသိုလ်ရိပ်သာလမ်းတွင် လုံခြုံရေးများအထူးတလည်ချထားခြင်းမျိုးမရှိဘဲ ရဲကားတစ်စီးသာချထားကြောင်း စောင့်ကြည့်နေသူတစ်ဦးကဆိုသည်။

အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ စွပ်စွဲချက်အမျိုးမျိုးဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်သည်။