ဘုရားသုံးဆူမြို့တွင် ရေးပြောက်ကျားတပ် YGF ဒုတပ်ရင်းမှူးကို DKBA က လုပ်ကြံသတ်ဖြတ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ရေးပြောက်ကျားတပ် (YGF) မှ ဒုတိယတပ်ရင်းမှူးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ပြင်ရှိ “ထူး” စားသောက်ဆိုင်၌ ရေးပြောက်ကျားတပ် (YGF) ဒုတိယတပ်ရင်းမှူး ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီး အပါအဝင် ရဲဘော်ခုနစ်ဦးရှိနေချိန် DKBA တပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ဆိုင်မှာ ရှိနေတဲ့အချိန်ကို လူတစ်ယောက်က ဝင်ပစ်သွားတာ။ ပစ်တာတော့ ရည်ရွယ်ချက်ရှိရှိကို ပစ်သွားတာ၊ ရဲဘော်ကြီးတစ်ဦးတည်းကိုပဲ ပစ်သွားတယ်” ဟု ရေးပြောက်ကျားတပ် (YGF) တာဝန်ရှိသူနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲဘော်ကြီး၏ ခန္ဓာကိုယ်အနှံ့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန်သည့်ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပစ်ခတ်ရန် အမိန့်ပေးခဲ့သည့် မနော်ဆိုသည့် အမျိုးသမီးသည် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် စစ်ကော်မရှင်တပ် တပ်ရင်းမှူးတစ်ဦး၏ မယားကြီးဖြစ်ပြီး၊ ယခင်က ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ရှိ တော်လှန်ရေးအသိုင်းအဝိုင်းကြား သတင်းထွက်နေသူဖြစ်သည်။

လက်ရှိတွင် မနော်ဆိုသည့် အမျိုးသမီးသည် DKBA တပ်ဖွဲ့ဝင်ဟု အမည်ခံထားပြီး စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့သတင်းများကို ပေးနေသူဖြစ်ကြောင်း ပြောဆိုနေကြသည်။

“သူတို့က ဗိုလ်ကျန်ရစ်ကို လုပ်ကြံချင်ပုံရတယ်လို့ သိထားရတယ်။ အဲဒီနေ့က ဗိုလ်ကျန်ရစ် မရောက်ခင် မိနစ်ပိုင်းအလိုမှာ လုပ်ကြံခံရတာပါ။ လုပ်ကြံတော့လည်း စကစတပ်ရင်းမှူး မယားကြီး မနော်ဆိုတဲ့ အမျိုးသမီးက တပ်ရင်းမှူးကိုင်တဲ့ သေနတ်ကို သူ့လူကို ထုတ်ပေးပြီး ရဲဘော်ကြီးကို ပစ်သတ်သွားတာ” ဟု အထက်ပါ နီးစပ်သူက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မနော်အပါအဝင် လေးဦးကို “ထူး” စားသောက်ဆိုင်အတွင်း ရှိနေသည့် YGF တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗိုလ်အေဝမ်းထံ အပ်နှံထားကာ အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးမှုများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။

ယခုလုပ်ကြံသတ်ဖြတ်ခံရသည့် ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီးသည် ရေးပြောက်ကျားတပ် (YGF) တပ်ရင်းမှူး ဗိုလ်ကျန်ရစ်၏ အစ်ကိုအရင်းဖြစ်ပြီး၊ ၎င်းတို့သည် စစ်တပ်အာဏာသိမ်းစောပိုင်းကတည်းက တပ်ဖွဲ့စည်းကာ စစ်အာဏာရှင်ကို မဟာမိတ်တပ်များနှင့်အတူ တော်လှန်တိုက်ပွဲဝင်နေသူများဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ဖြစ်သည့် ရေးပြောက်ကျားတပ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အခြေပြုလှုပ်ရှားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရေးပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ကျန်ရစ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

“ဒုတပ်ရင်းမှူး ရဲဘော်ကြီးက ကျွန်တော်တို့ မွန်သွေးတပ်တော် ပေါ်ထွန်းလာဖို့နဲ့ စစ်ရေးအရ လှုပ်ရှားနိုင်ဖို့ အများကြီး ကူညီပံ့ပိုးပေးခဲ့တဲ့သူ တစ်ယောက်ပါ။ ယခုလို ကျဆုံးမှုက ကျွန်တော်တို့ မွန်သွေးတပ်တော်အတွက်ရော နွေဦးတော်လှန်ရေးအင်အားစုအတွက်ရော ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါဗျ” ဟု Mon Blood Army (မွန်သွေးတပ်တော်) ပြောရေးဆိုခွင့်ရှိသူ မင်းယော့ဒ်စနွန်က ပြောသည်။

စစ်တပ်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အပါအဝင် လက်နက်ကိုင်အဖွဲ့အများအပြားရှိနေသည့် ဘုရားသုံးဆူမြို့သည် တော်လှန်ရေးတပ်များအတွက် ခေတ္တနားခိုရာ နယ်မြေတစ်ခုဖြစ်ပြီး၊ ယင်းနယ်မြေတွင် DKBA ၏ ဩဇာသက်ရောက်မှု ရှိနေသည်။

စာတည်း-ကိုဆန်း