မြောက်ဦး၊ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်း စစ်တပ် ဗုံးဒဏ်သင့် မီးလောင်

ဓာတ်ပုံ - Wai Hun Aung
ပုံစာ - မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်း မီးလောင်နေစဉ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ( ဧပြီ ၁၉ရက် ) နံနက် ၁၀ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ယင်းရွာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

” ဂျက်ဖိုက်တာက အကြာကြီးဝဲပြီးတော့ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ပစ်ပြီးတော့လည်း တန်းမပြန်ဘူး။ အကြာကြီး ထပ်ဝဲနေသေးတယ်။ အဲဒီရွာက မြိုရွာပါ။ ဘုန်းကြီးကျောင်းက တစ် ကျောင်းလုံးနီးပါး လောင်သွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ ထပ်မသိရသေးဘူး” ဟုမြောက်ဦးမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

ယင်းရွာနေ အသက်၂၃နှစ်အရွယ်ရှိ ကိုဌေးဝင်းမှာ ညာဘက်လက်ခုံ ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်း၌ ပုဏ္ဏားကျွန်းမြို့နယ်ကို ဂျက်ဖိုက်တာ ၃စင်းဖြင့် ဗုံး၆လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ခမရ ၅၄၀ တပ်ရင်းဟောင်းနှင့် လျှပ်စစ်ဓာတ်အားခွဲစက်ရုံတို့သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

” အရင် စစ်တပ်ထိုင်ခဲ့တဲ့နေရာတွေ၊ အဆောက်အအုံဟောင်းတွေကို ပတ်ဗုံးကြဲနေတာပါ။ ပုဏ္ဏား ကျွန်းဘက် ထိခိုက်မှုအခြေအနေတော့ သေချာမသိရသေးဘူး။ ဓာတ်အားခွဲစက်ရုံကတော့ မီးလောင် ပျက်စီးမှု နည်းနည်းရှိတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့နံနက်ပိုင်းတွင်ပင် ကျောက်တော်မြို့နယ်၊ ဒေါင်းဒေါင်းယိုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သေးကြောင်း သိရသည်။