မြောက်ကိုရီးယားသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည် အမြောက်အမြားကို ပင်လယ်ပြင်သို့ ဧပြီ ၁၉ ရက်က ပစ်ခတ်ခဲ့ကြောင်း အိမ်နီးချင်းနိုင်ငံများက ပြောကြားသည်။
ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များ တည်ဆောက်ရေး ကြိုးပမ်းမှုတွင် “အလွန်စိုးရိမ်ဖွယ်ကောင်းသော” လုပ်ဆောင်မှုများ ရှိနေကြောင်း သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ Sinpo ဒေသမှ ပစ်ခတ်လိုက်သော ဒုံးကျည်များသည် နိုင်ငံ၏ အရှေ့ဘက် ရေပြင်သို့ ကီလိုမီတာ ၁၄၀ (၈၇ မိုင်) ခန့်စီ ပျံသန်းသွားခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြား သည်။
တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယား၏ မည်သည့် ရန်စမှုကိုမဆို တွန်းလှန်ရန် အသင့်အနေအထားရှိနေပြီး အမေရိကန်၊ ဂျပန်တို့နှင့်လည်း သတင်းအချက်အလက်များကို အနီးကပ် ဖလှယ်လျက်ရှိကြောင်း ဆိုသည်။
အမျိုးသားလုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးတွင် တောင်ကိုရီးယား အဆင့်မြင့်အရာရှိများက မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် အကြိမ်ကြိမ် စမ်းသပ်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး ယင်းလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့ကြသည်။
တောင်ကိုရီးယား သမ္မတ လီဂျေမျောင် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများသို့ တရားဝင်ခရီး မသွားမီ နာရီပိုင်းအလိုတွင် ယခုကဲ့သို့ စမ်းသပ်ပစ်ခတ်မှုများကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် ဂျပန်စစ်တပ်များကလည်း အဆိုပါ ပစ်ခတ်မှုများကို ထောက်လှမ်းသိရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က အမေရိကန်ပြည်မကြီးနှင့် ဒေသတွင်းရှိ မဟာမိတ်များ၏ ကာကွယ်ရေးအတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်နေကြောင်း ပြောကြားသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါ ပစ်ခတ်မှုများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ လှုပ်ရှားမှုမှန်သမျှကို ပိတ်ပင်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည်ဟုဆိုကာ မြောက်ကိုရီးယားအစိုးရအား ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
ဒုံးကျည်ပစ်လွှတ်ရာနေရာဖြစ်သော Sinpo မြို့သည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရှိ မြို့တစ်မြို့ဖြစ်ပြီး ရေငုပ်သင်္ဘောများ တည်ဆောက်ရာတွင် အသုံးပြုသည့် အဓိက သင်္ဘောကျင်းကြီး ရှိရာနေရာလည်း ဖြစ်သည်။
ယခုပစ်ခတ်မှုများကို ရေငုပ်သင်္ဘောမှ ပစ်ခတ်ခြင်း သို့မဟုတ် ကုန်းတွင်းအခြေစိုက် ပစ်လွှတ်စင်မှ ပစ်ခတ်ခြင်း သို့မဟုတ် နှစ်မျိုးစလုံးမှ ဖြစ်နိုင်သည်ကို တောင်ကိုရီးယား ကာကွယ်ရေးဌာနက ခွဲခြမ်းစိတ်ဖြာလျက်ရှိကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြသည်။
မြောက်ကိုရီးယားအနေဖြင့် ရေအောက်မှ ဒုံးကျည်ပစ်ခတ်နိုင်စွမ်း ပိုမိုရရှိလာခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်သည်။ ပြိုင်ဘက်နိုင်ငံများအနေဖြင့် ထိုကဲ့သို့သော ပစ်ခတ်မှုများကို ကြိုတင်ထောက်လှမ်းရန် ခက်ခဲသောကြောင့် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားသည် တည်ဆောက်ဆဲဖြစ်သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။
