မလေးရှားရောက် နိုင်ငံမဲ့များနှင့် အဆင်းရဲဆုံးသူများနေထိုင်သည့် ရေပေါ်ရွာတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၁,၀၀၀ ခန့် ပျက်စီး

မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်ရှိ ဆာဘား ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဆန်ဒါကန် ခရိုင်ရှိ ကမ်းရိုးတန်း ရေပေါ်ကျေးရွာတစ်ခုတွင် ဧပြီ ၁၉ ရက်က အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာယီနေအိမ် ၁,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါဒေသသည် ဌာနေတိုင်းရင်းသားများနှင့် နိုင်ငံမဲ့အသိုက်အဝန်းများ အပါအဝင် မလေးရှားနိုင်ငံ၏ အဆင်းရဲဆုံး ဒေသခံအချို့ နေထိုင်ရာနေရာ ဖြစ်သည်။

ယင်းနေရာတွင် သစ်သားတိုင်ထူထားသည့် အိမ်များကို တစ်အိမ်နှင့်တစ်အိမ် ကပ်လျက် တည်ဆောက်နေထိုင်ကြသည်။

နံနက် ၀၁:၃၂ နာရီခန့်တွင် မီးလောင်မှုသတင်းကို ရရှိခဲ့ပြီးနောက် အာဏာပိုင်များသည် မီးငြှိမ်းသတ်ရန်အတွက် မီးသတ်စခန်း နှစ်ခုမှ ဝန်ထမ်း ၃၇ ဦးခန့်ကို စေလွှတ်ခဲ့ကြောင်း ဆာဘားပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောကြားသည်။

“လေပြင်းတိုက်ခတ်တာရယ်၊ အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် အရမ်းနီးကပ်နေတာရယ်ကြောင့် မီးက အရှိန်အဟုန်နဲ့ ကူးစက်သွားပါတယ်။ ရေကျချိန်ဖြစ်နေတာကြောင့်လည်း မီးငြှိမ်းသတ်ဖို့အတွက် ရေစုပ်ယူရရှိဖို့ ခက်ခဲခဲ့ပါတယ်” ဟု တာဝန်ရှိသူများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးလောင်မှုကြောင့် ဒေသခံ ၉,၀၀၇ ဦး ထိခိုက်ခဲ့ကြောင်း ဆန်ဒါကန်ခရိုင် ရဲမှူးကြီး ဂျော့ခ်ျအဗ္ဗဒူရက်ခ်မန်းက ပြည်တွင်းအင်္ဂလိပ်သတင်းစာ The Star သို့ ပြောကြားခဲ့သည်။

မီးသတ်ကားများအနေဖြင့် လမ်းကျဉ်းခြင်းကြောင့် မီးလောင်ရာနေရာသို့ အချိန်မီရောက်ရှိရန် ခက်ခဲခဲ့ပြီး စုစုပေါင်း ဧရိယာ ၁၀ ဧကခန့် မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဌာနက ခန့်မှန်းထားသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင် က ဖက်ဒရယ်အစိုးရအနေဖြင့် ဘေးသင့်သူများအား အမြန်ဆုံး အကူအညီပေးနိုင်ရန်နှင့် ယာယီနေထိုင်စရာများ စီစဉ်ပေးရန် ဆာဘားပြည်နယ် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

“အခုလောလောဆယ် အဓိကဦးစားပေးကတော့ ဘေးသင့်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ မြေပြင်မှာ အကူအညီတွေ ချက်ချင်းပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု အန်ဝါက ဆိုသည်။