ဩစတြေးလျနိုင်ငံတွင် တစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ကြသော အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သော အမျိုးသားများ (Gay) နှင့် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးကို နှစ်သက်သော (Bisexual) အမျိုးသားများအပြင်၊ လိင်ပြောင်းလဲမှုခံယူထားသူများ (Transgender) များကို ယနေ့ ဧပြီလ ၂၀ ရက်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သွေးနှင့် သွေးဥမွှားများ လှူဒါန်းခွင့် ရရှိတော့မည်ဖြစ်သည်။
ယခုခွင့်ပြုချက်အရ ဩစတြေးလျ ကြက်ခြေနီ Lifeblood ဌာနများတွင် သွေးမလှူဒါန်းမီ မည်သည့်လိင်သဘာဝ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုရှိသူမဆို လတ်တလော လိင်ဆက်ဆံမှုဆိုင်ရာ မေးခွန်းပုံစံတူများကိုသာ ဖြေဆိုကြရမည်ဖြစ်သည်။
ကုထုံးဆိုင်ရာ ကုန်ပစ္စည်းစီမံခန့်ခွဲရေးအဖွဲ့ (TGA) က လိင်အမျိုးအစားအပေါ် အခြေခံထားသော လိင်ဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများကို ပြီးခဲ့သည့်နှစ်တွင် ပယ်ဖျက်ပေးခဲ့ပြီးနောက် သွေးလှူဒါန်းခွင့် သတ်မှတ်ချက်များကို ယခုကဲ့သို့ တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း Lifeblood ၏ အမှုဆောင်ဒါရိုက်တာ ကက်သ်စတုန်းက ပြောကြား သည်။
” Gay ၊ Bisexual အမျိုးသားတွေနဲ့ Transgender တွေ သွေးနဲ့ သွေးဥမွှား လှူဒါန်းနိုင်ဖို့အတွက် အန္တရာယ်ကင်းတဲ့ ပြောင်းလဲမှုတွေကို အခု ကျွန်မတို့ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်” ဟု ကက်သ်စတုန်းက ပြောသည်။
“ကျွန်မတို့က ‘ကျား/မ ခွဲခြားမှုမရှိသော စစ်ဆေးအကဲဖြတ်ခြင်း’ (Gender neutral assessment) လို့ ခေါ်တဲ့ စနစ်ကို ဒီနေ့ပဲ စတင်ကျင့်သုံးနေပါပြီ။ လူတိုင်းဟာ သွေးလှူဒါန်းခွင့်နဲ့ သက်ဆိုင်တဲ့ မေးခွန်းပုံစံတူတွေကိုပဲ ဖြေဆိုကြရမှာပါ”
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း HIV ကပ်ရောဂါဖြစ်ပွားချိန်က စတင်ကျင့်သုံးခဲ့သော ယခင်ကန့်သတ်ချက်များတွင် Gay ၊ Bisexual အမျိုးသားများနှင့် Transgender များအား ဩစတြေးလျတွင် သွေးလှူဒါန်းခွင့် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
“ဒီပြောင်းလဲမှုဟာ အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရတာပါ” ဟု သူမက ဆက်ပြောသည်။
ယခုကဲ့သို့ သတ်မှတ်ချက်အသစ်အရ နှစ်စဉ် သွေးလှူဒါန်းသူ အသစ်ပေါင်း ၂၀,၀၀၀ ခန့်အထိ ရှိလာမည်ဟု Lifeblood က မျှော်လင့်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လက သွေးရည်ကြည် (Plasma) လှူဒါန်းမှုအတွက် စောင့်ဆိုင်းရမည့်အချိန်များကို ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခုပြောင်းလဲမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါ သွေးရည်ကြည် စည်းမျဉ်းဖြေလျှော့မှုကြောင့် အလှူရှင်အသစ် ၃,၀၀၀ ခန့်မှ သွေးရည်ကြည် အကြိမ်ရေ ၁၀,၀၀၀ နီးပါး လှူဒါန်းနိုင်ခဲ့သည်ဟု Lifeblood က ဆိုသည်။
အက်ဒီလိတ်မြို့မှ မှတ်ပုံတင်သူနာပြုတစ်ဦးဖြစ်သူ လူကီမိုးလ်ခရက်က ကန့်သတ်ချက်များ ဖြေလျှော့ပေးမှုကို ကြိုဆိုလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သွေးလှူဒါန်းနိုင်မည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့် မိသားစုဝင်တွေထဲမှာ ကင်ဆာရောဂါ ခံစားခဲ့ရသူတွေ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရေးပေါ်ဌာနရဲ့ ရှေ့တန်းမှာ ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့တော့ သွေးရဲ့ လိုအပ်ချက်ကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး အလှူအတန်းလုပ်ခွင့်ရသလို ခံစားရပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ သုတေသနအသစ်များကို ထင်ဟပ်စေရန် သွေးလှူခွင့်သတ်မှတ်ချက်များ တိုးချဲ့ခဲ့ခြင်းမှာ ဝမ်းသာစရာဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒါဟာ လူတွေကို ဘေးကင်းစေရုံတင်မကဘဲ အလှူရှင်အရေအတွက်ကိုလည်း တိုးပွားစေပြီး အားလုံးပါဝင်နိုင်မှုကို ပိုမိုဖြစ်စေပါတယ်။ လိုအပ်တဲ့အချိန်မှာ သွေး၊ သွေးရည်ကြည် ဒါမှမဟုတ် သွေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် လူနာတွေဟာ မရှိမဖြစ်လိုအပ်တာကို မရရှိဘဲ နေရပါလိမ့်မယ်။ ဒါဟာ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေ၊ နာတာရှည်ရောဂါသည်တွေ ဒါမှမဟုတ် ကင်ဆာကုသမှုခံယူနေရသူတွေအတွက် မကောင်းပါဘူး”
Lifeblood အနေဖြင့် သွေးလှူဒါန်းခွင့် စည်းမျဉ်းများနှင့် လက်ရှိသိပ္ပံနည်းကျ သုတေသနများကို ပုံမှန်ပြန်လည်သုံးသပ်လေ့ရှိကြောင်း စတိုင်းက ပြောကြားခဲ့သည်။
