တော်လှန်ရေးတပ် သိမ်းပိုက်ထားသော အင်းတော်မြို့ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ရန် စစ်တပ် ပြင်နေ

ဓာတ်ပုံ - Indaw Revolution-IR
ပုံစာ - အင်းတော်မြို့သိမ်းတိုက်ပွဲအပြီးတွင် အောင်ပွဲခံနေသော တော်လှန်ရေး ရဲဘော်များ။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော အင်းတော်မြို့ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ရန် စစ်တပ်က ပြင်ဆင်နေ ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ပြန်လည်ရရှိရေး အ တွက် စစ်တပ်က ဧပြီ ၁၄ ရက်တွင် ထီးချိုင့်မြို့မှ စစ်ကားအစီး ၃၀ ခန့်ဖြင့် စတင်ထွက်လာခြင်းဖြစ် ပြီး ဧပြီ ၁၉ ရက်၌ ကသာမြို့သို့ ရောက်ရှိကာ ယင်းမှတစ်ဆင့် အင်းတော်မြို့နယ်အတွင်းသို့ စစ် ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ကြောင်းကလေ အခုလောလောဆယ်တော့ ထွက်လာတာမရှိသေးဘူး။ ကသာမှာပဲ ရှိသေးတယ် ပေါ့နော်။ ကသာ ခမရ ၃၀၉ တပ်ထဲမှာပါ။ အင်အားများတာပေါ့နော်။ အင်အားကတော့ ထောင်ချီ လောက်တော့ရှိပါမယ်။ အဲဒီမှာကျတော့လေ အင်အားအရမ်းများတယ်။ များတော့ အဲဒီကနေပြီး တော့မှ နဘားလမ်းဆုံပေါ့နော်။ နဘားလမ်းဆုံဆိုတာ အင်းတော်မြို့နယ်ထဲမှာ ရှိတာ။ အင်းတော် နဘားလမ်းဆုံကို သူတို့ စစ်ကြောင်းထိုးဖို့အတွက်ကို သူတို့ လက်ရှိ ပြင်ဆင်နေကြတယ်ပေါ့။ သေချာပေါက်ပေါ့နော်။ ဒီရက်ပိုင်းအတွင်းကို သူတို့ ထိုးလာဖို့ရှိတယ်”ဟု ၎င်းက MPA သို့ပြောသည်။

ယင်းသို့ စစ်ကြောင်းထိုးလာနိုင်သည့်အခြေအနေကြောင့် အင်းတော်မြို့နယ်အတွင်းနှင့် အနီးဝန်းကျင် ၌ တိုက်ပွဲများ ဖြစ်လာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် အင်းတော်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)ကဧပြီ၂၁ရက်ညနေပိုင်းက ထုတ်ပြန်သတိပေးထားသည်။

“မြို့ပေါ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာ။ စစ်ကောင်စီရဲ့ ယန္တရားတွေကတော့ တစ်ခုမှ မရှိဘူးပေါ့နော်။ အင်းတော်မြို့ပေါ်မှာတော့ ဘယ်သူမှ မနေပါဘူး။ ရွာတွေမှာပဲ နေကြတာပေါ့နော်။ အင်းတော်မြို့က ပြည်သူတွေလည်း အကုန်လုံး စစ်ဘေးရှောင်နေရဆဲပေါ့လေ။ တကယ်လို့ စစ် ကြောင်းထိုးလာပြီဆိုရင်တော့ ရွာဘက်က ပြည်သူတွေပါ ထွက်ပြေးရမှာပေါ့လေ”ဟု ၎င်းက ဆက် လက်ပြောသည်။

ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Indaw Revolution-IR ကလည်း အင်းတော်မြို့နယ်အ တွင်း စစ်တပ်က စစ်ကြောင်းထိုးလာနိုင်ခြေရှိပြီး ယင်းစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်ကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နိုင်သော ကြောင့် ပြည်သူများအနေဖြင့် အရေးပေါ် ဆေးဝါး ၊ ရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများ ထုပ်ပိုး ပြင်ဆင်ထားရန် ဧပြီ ၂၁ ရက်က အသိပေးထားသေးသည်။

နဘားလမ်းဆုံသည် ကသာမြို့နှင့် ၁၀ မိုင်ကျော် ဝေးပြီး အင်းတော်မြို့နှင့် ၃ မိုင်ကျော် ဝေးသည်။

အင်းတော်မြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆ ရက်မှ စတင်၍ KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။