တော်လှန်ရေးအင်အားစုက ဆဲဆိုခြိမ်းခြောက်သည်ဟု ဆိုးလ်မြို့အာဏာပိုင်များထံ စစ်အုပ်စုသံရုံး လိမ်လည်တိုင်ကြား

ဓာတ်ပုံ-Kyaw San ဖေ့စ်ဘွတ်ခ်
ပုံစာ- မတ်လ၂၆ရက်က ဆိုးလ်မြို့၊ Mondrian Seoul Itaewon ဟိုတယ်တွင် ဆန္ဒပြနေစဉ်။

တော်လှန်ရေးအင်အားစုက ဆဲဆိုခြိမ်းခြောက်ပါသည်ဟု ဆိုးလ်မြို့ စစ်အုပ်စုသံရုံးက တောင် ကိုရီးယားအာဏာပိုင်များထံ လိမ်လည်တိုင်ကြားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၊ Mondrian Seoul Itaewon ဟိုတယ်တွင် မတ်လ၂၆ရက်၌ စစ် ကော်မရှင်စစ်သံရုံးက တရားမဝင်တပ်မတော်နေ့အကြို သွေးစွန်းဂုဏ်ပြုညစာစားပွဲ ပြုလုပ်နေစဉ် တောင်ကိုရီးယားအရပ်ဘက်အဖွဲ့နှင့် မြန်မာတော်လှန်ရေးအင်အားစုတို့က ဟိုတယ်ရှေ့၌ ဆန္ဒပြခဲ့ ရာ ဖိတ်ကြားထားသည့် သံတမန်များရှေ့၌ အရှက်ကွဲခဲ့ကြောင်း ထို့နောက် မတ်လ၂၇ရက်တွင် စစ် သံရုံးရှေ့၌ ထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲပြုလုပ်ခဲ့ရာ စစ်သံရုံးထဲမှ အော်ဟစ်ဆဲဆိုခြင်း၊ စစ်သီ ချင်းများ ကျယ်လောင်စွာဖွင့်ခြင်း စသည်တို့ ပြုလုပ်ခဲ့ကြောင်း ထို့နောက် ဆိုးလ်မြို့အာဏာပိုင်များ ထံလည်း အထက်ပါအတိုင်း လိမ်လည်တိုင်ကြားခဲ့ကြောင်း မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ဦးကျော်ဆန်းက ပြောသည်။

“သူတို့ ဖိတ်ထားတဲ့ သံတမန်တွေရှေ့မှာ အလစ်အငိုက်ဆန္ဒပြခံရပြီးတော့ တော်တော်ဒေါသထွက် ပေါက်ကွဲတယ်လို့ ပြန်ကြားရတယ်။ပြီးတော့ တရားမဝင်တပ်မတော်နေ့ ဆန္ဒပြပွဲ၊သတင်းစာရှင်း လင်းပွဲကိစ္စတွေနဲ့ ပတ်သက်ပြီး သံရုံးနယ်မြေအပိုင်ရဲစခန်းရော၊ စစ်သံရုံးနယ်မြေအပိုင်ရဲစခန်းရော ဆိုးလ်ရဲရုံးချုပ်မှာရော မြန်မာဘာသာစကားနဲ့ လာရောက်ဆဲဆိုရမ်းကားပြီးခြိမ်းခြောက်ခဲ့တယ်ဆိုပြီး ပတ်တိုင်ထားတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ယင်းသို့ တိုင်ကြားမှုအပေါ် ဆိုးလ်မြို့ရဲစခန်းများက တိုင်ချက်ဖွင့် စစ်ဆေးခြင်းပင် မရှိကြောင်း သိ ရသည်။

“ကိစ္စရှိလို့ ရဲစခန်းတွေကို သွားတော့မှပဲ အဲဒီလို တိုင်ကြားထားမှန်းသိတယ်။ရဲတွေက သံရုံးက တိုင် ထားတာရှိတယ်။ဘယ်လိုဖြစ်တာလဲဆိုပြီး မေးတာလောက်ပဲရှိတယ်။အဲဒီလိုမေးလို့ အကျိုးအ ကြောင်း ရှင်းပြလိုက်ပါတယ်။တိုင်ချက်ဖွင့်တာတို့၊ ခေါ်ယူစစ်ဆေးတာမျိုးတို့ မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

တော်လှန်ရေးအင်အားစုများ ပြုလုပ်သည့် ဆန္ဒပြပွဲနှင့် သတင်းစာရှင်းလင်း ကြေညာချက်ထုတ်ပြန်ပွဲ တိုင်းကို သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်ထံ ခွင့်ပြုချက်ရယူကာ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာလုယက်ပြီးနောက် ဆိုးလ်မြို့ စစ်သံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း စစ်သံရုံးမိသားစုက ပြန်လည်အော်ဟစ်သောင်း ကျန်းခြင်းမျိုးကို မတ်လ၂၇ရက်ကသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။