မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်နိုင်ရန်အတွက် ပို့ကုန်လိုင်စင်များ ပြန်လည်လျှောက်ထားရန်နှင့် ပိတ်မိကုန်စည်များ စာရင်းပေးသွင်းရန် နှိးဆော်ချက်များ ထွက်ပေါ်လာသော်လည်း မြေပြင်တွင်မူ ကုန်စည်ပုပ်သိုးမှုစိုးရိမ်ရခြင်းနှင့် လမ်းကြောင်းလုံခြုံရေး အခြေအနေများကြောင့် ကုန်သည်များနှင့် ကားဆရာများအကြား ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်ကာ အကျပ်ရိုက်လျက်ရှိသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ မြဝတီလမ်းကြောင်းမှ ပုံမှန်တင်ပို့နေကျဖြစ်သော ပြောင်းဆံ၊ ငရုတ်သီး (အစို/အခြောက်)၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့် သီဟိုဠ်ဆံ စသည့်ကုန်စည်များကို Myanmar Tradenet 2.0 စနစ်ဖြင့် အမြန်ဆုံး ပြန်လည်လျှောက်ထားနိုင်ပြီ ဖြစ်သော်လည်း လက်တွေ့တွင် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
“တံတားပိတ်ထားစဉ်မှာ ကုန်စည်တွေကို ထိုင်းဘက်က Free Zone တွေမှာ ထားခဲ့ရတာမို့ ဂိုဒေါင်ခ (Warehouse charges) တွေက တက်နေပြီ။ လိုင်စင်ရပြီးသားဆိုပေမဲ့ အခြေအနေအရ လမ်းကြောင်းပြောင်းခဲ့တာမျိုး၊ တခြားနည်းနဲ့ သယ်ယူခဲ့တာမျိုးရှိရင် အခုလို စာရင်းပြန်သွင်းတဲ့အခါ အထောက်အထားပြဖို့ ခက်ခဲနိုင်ပါတယ်” ဟု ဒေသခံကုန်သည်တစ်ဦးက ဆိုသည်။
ထို့အပြင် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား ပိတ်ထားစဉ်အတွင်း ရပ်တန့်သွားခဲ့သည့် ကုန်စည်များအတွက် တရားဝင်လမ်းကြောင်းအတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် စာရင်းကောက်ယူမှုများ စတင်နေပြီဖြစ်သော်လည်း “စာရွက်စာတမ်းနှင့် ကုန်စည် တစ်ထပ်တည်းကျရမည်” ဟူသော တင်းကျပ်သည့် စည်းကမ်းချက်မှာ ကုန်သည်များအတွက် ဖိအားတစ်ခု ဖြစ်နေသည်။
အထူးသဖြင့် ပို့ကုန်အများစုမှာ ငရုတ်သီးနှင့် ကြက်သွန်ကဲ့သို့ ပုပ်သိုးလွယ်သည့် ပစ္စည်းများဖြစ်ရာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အရှုံးပေါ်ရန် နီးစပ်နေခြင်းဖြစ်သည်။
ကုန်ကားမောင်းသူများ၏ အဆိုအရ စာရွက်စာတမ်းကိစ္စထက် မြေပြင်ရှိ တိုက်ပွဲအန္တရာယ်နှင့် လမ်းခရီးစစ်ဆေးမှုများကြောင့် ကြန့်ကြာရခြင်းက ပိုမိုကြီးမားသော စိန်ခေါ်မှုဖြစ်နေကြောင်း သိရသည်။
မြဝတီမြို့ရှိ ကုန်ကားဆရာတစ်ဦးက “ငရုတ်တို့ ကြက်သွန်တို့ဆိုတာ အချိန်လွန်ရင် ပုပ်တာ။ လမ်းမှာ တိုက်ပွဲကြောင့်ဖြစ်ဖြစ်၊ စစ်ဆေးရေးကြောင့်ဖြစ်ဖြစ် ရက်ကြာသွားလို့ ပစ္စည်းပုပ်ရင် ကုန်သည်နဲ့ ကားဆရာကြား ပြဿနာတက်နိုင်တယ်။ ကျွန်တော်တို့အတွက်က မြေပြင်က လက်တွေ့အန္တရာယ်နဲ့ အချိန်က ပိုအရေးကြီးပါတယ်” ဟု ၎င်း၏ စိုးရိမ်မှုကို ပြောပြသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ် လမ်းဟောင်းနှင့် လမ်းသစ်နှစ်ခုလုံး၌ တိုက်ပွဲများကြောင့် သွားလာရေး ခက်ခဲနေဆဲဖြစ်ရာ လိုင်စင်ရရှိပြီးသည့်တိုင် ကုန်ကားများ အမှန်တကယ် ချောချောမောမော သွားနိုင်မည့်အခြေအနေမှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။
ကုန်သည်များအနေဖြင့် သတ်မှတ်ပုံစံများကို ဧပြီလ ၁၈ ရက်မှ ၂၀ ရက်အတွင်း ကုန်သည်ကြီးများအသင်းရုံးတွင် ထုတ်ယူရန်နှင့် ဧပြီလ ၂၁ ရက်မှ ၂၄ ရက်အတွင်း မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ အသင်းရုံးသို့ အချက်အလက်အပြည့်အစုံဖြင့် လာရောက်အပ်နှံရန် အသိပေးထားပြီး အထောက်အထား မခိုင်လုံသူများကို လက်ခံမည်မဟုတ်ကြောင်း အသင်းက ထုတ်ပြန်ထားသည်။
