သထုံယာဉ်တိုက်မှုကြောင့် ပျံလွန်သွားသောသံဃာ ၉ ပါးနှင့် လူ ၄ ဦးတို့ကို အန္တိမဈာပနနှင့် မီးသင်္ဂြိုဟ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုရွာတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် ပျံလွန်သွားသော သံဃာ၉ပါးနှင့် လူ၄ဦးတို့၏ အန္တိမဈာပနနှင့် မီးသင်္ဂြိုဟ်ခြင်းတို့ကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ယနေ့(ဧပြီ၂၀ရက်)နံနက်၁၁နာရီကျော်တွင် ပေါ်တော်မူကျေးရွာ၊ ရွှေဟင်္သာညီနောင်ကျောင်းတိုက်မှ ကျောင်းတန်းကျေးရွာ သု ဿန်သို့ ပို့ဆောင်ကာ အန္တိမ ဈာပနနှင့် မီးသင်္ဂြိုဟ်ခြင်းတို့ တစ်ပြိုင်နက်ပြု လုပ်ခဲ့ကြောင်း ဒေသခံပရဟိတလူ ငယ်တစ်ဦးထံက သိရသည်။

“ဒီနေ့ အားလုံးအပြီးအစီးပါပဲ။သံဃာ၉ပါးထဲမှာ တိုက်အုပ်ဆရာတော် ဥူးဣန္ဒက လည်း ပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။

တိုက်အုပ်ဆရာတော် ဥူးဣန္ဒသည် ပေါ်တော်မူရွာ၊ရွှေဟင်္သာညီနောင်ကျောင်းတိုက်မှ တိုက်အုပ်ဆ ရာတော်ဖြစ်ပြီး သင်္ကြန်တွင်း ဒုလ္လဘဝတ်သည့် ဦးဇင်းများလည်း ပါဝင်ကြောင်း သိရသည်။

“ပျံလွန်တဲ့အထဲက ဦးဇင်းအောင်မြင့်ဆိုတာ မော်လမြိုင်မှာ ကွမ်းယာဆိုင်ဖွင့်ထားတာ နာမည်ကြီးပဲ။ သူ့ဆိုင်က ဝန်ထမ်းတွေလည်း ဒုလ္လဘ လာဝတ်ကြတာ။ ကျိုက်ထီးရိုးကနေ အပြန်မှာ ဖြစ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီ၁၈ရက်၊ ညနေ၄နာရီ၄၅မိနစ်ခန့်တွင် သထုံမြို့နယ်၊နောင်ဘိုရွာ အကောင်းကြိုက်ဆိုင်အနီး၌ ရန်ကုန်ဘက်သို့သွားသည့် မန္တလာခရီးသည်တင်ယာဉ်နှင့် ကျိုက်ထီးရိုးမှ သထုံသို့ ပြန်လာသည့် လိုက်ထရပ်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြခြင်းဖြစ်သည်။

ယင်းယာဉ်တိုက်မှုတွင် ကိုရင်တစ်ပါးအပါအဝင် သံဃာ၆ဦးပျံလွန်ကာ လူ၃ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများအနက် သံဃာ၃ပါး ထပ်မံပျံလွန်ကာ လူတစ်ဦးလည်း ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင် စဉ် သေဆုံးခဲ့သည်။