ရန်ကုန် ရပ်ကွက်ပွဲဈေးများတွင် လူငယ်များကို ပေါ်တာဆွဲနေ

ဓာတ်ပုံ - AFP

ရန်ကုန်မြို့၊ တောင်ဒဂုံနှင့် မြောက်ဒဂုံ ရပ်ကွက်ပွဲဈေးများတွင် လူငယ်များကို ပေါ်တာဆွဲနေကြောင်း သိရသည်။

စက်တင်ဘာ၁၆ရက်၊ည၉နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၇၀ရပ်ကွက် ပွဲဈေးအနီး၌ လူငယ်၃ဦး လမ်းလျှောက်နေစဉ် အမှောင်ထဲမှ အရပ်ဝတ်များထွက်လာကာ ဖမ်းဆီးသွားသလို စက်တင်ဘာ၁၅ ရက်၊ည၈နာရီခွဲခန့်ကလည်း မြောက်ဒဂုံမြို့နယ်၊၄၄ရပ်ကွက်ပွဲဈေး၌ လူငယ် အမျိုးသား၅ဦးကို မူးရူးနေသည် ဟုဆိုကာ စစ်အုပ်စုဝင်များက ဖမ်းဆီးသွားကြောင်း Rangoon Scout Network- RSN က သတင်း ထုတ်ပြန်သည်။

“အဖမ်းခံရတာ လူငယ်ပိုင်းတွေချည်းပါပဲဗျ။ အရက်မူးနေတယ်ဆိုပြီး ဖမ်းတာရော၊ ရန်ဖြစ်လို့ဆိုပြီး ဖမ်းတာရော၊ လူလွတ်ချိန် ချောင်းဆွဲတာရော ပါပါတယ်။ စစ်မှုထမ်း လူအရနည်းလာတာကြောင့် လူငယ်တွေချည်း ရွေးဖမ်းနေတာလို့ ထင်ပါတယ်ဗျ”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြော သည်။

တောင်ဒဂုံပွဲဈေးတွင် အဖမ်းခံရသည့် လူငယ်၃ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရကြောင်း နှင့် မြောက်ဒဂုံပွဲဈေး၌ အဖမ်းခံရသူ၅ဦးအနက် တစ်ဦး ပြန်လွတ်လာကြောင်း သိရသည်။

မြောက်ဒဂုံပွဲဈေးတွင် အဖမ်းခံရမှုနှင့်ပတ်သက်ပြီး ၎င်းက “အဖမ်းခံခဲ့ရတာ မြောက်ဥက္ကလာဘက် ကနေ ဈေးလာရောင်းတဲ့လူ တစ်ယောက်၊ မြောက်ဒဂုံဒေသခံ ပွဲလာလည်တဲ့ လူ ၄ ယောက်ပါဗျ။

မြောက်ဥက္ကလာ ကနေ ဈေးလာရောင်းတဲ့သူကိုတော့ ပွဲဈေးကန်ထရိုက်သမားတွေက ပြန်ထုတ်ပေး လိုက်တယ်လို့ သိရပါတယ်။ ကျန်တဲ့သူတွေတော့ ဆက်မသိရပါဘူးဗျ”ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီးခြင်းကို ပွဲဈေးသို့ လူအလာနည်းသွားမည်စိုးသဖြင့် လူမသိသူမသိ ဖမ်းဆီးခြင်းဖြစ် ကြောင်း RSN တာဝန်ရှိသူက ပြောကြားသလို ၄၄ရပ်ကွက်သားတစ်ဦးကလည်း ယင်းဖမ်းဆီးမှု ဖြစ် စဉ်ကို မသိကြောင်း ဆိုသည်။

“မနေ့(စက်တင်ဘာ၁၆ရက်)က လူတောင် တော်တော်များတယ်။အရှေ့ရက် ပထမဆုံးရက်က မိုး ရွာလို့ လူမစည်၊နောက်ရက် စည်တယ်”ဟု ၄၄ရပ်ကွက်သားက ပြောသည်။

၄၄ရပ်ကွက် ပွဲဈေးပြုလုပ်သည့်နေရာသည် ဗထူးအိမ်ရာနားဖြစ်ပြီး ရဲစခန်းနှင့်လည်း နီးသလို ဘား နှင့်ဘီယာဆိုင်တို့လည်း ပေါကြောင်း သိရသည်။