စစ်တပ်ထံ လက်နက်ချသွားသော PDF များ ပခုက္ကူထောင်ထဲ ရောက်နေဟုဆို

မကွေးတိုင်း ၊ ပခုက္ကူခရိုင်အတွင်း စစ်တပ်ထံ လက်နက်ချသွားသည့် PDF များ အကျဉ်းချခံထားရ ကြောင်း သိရသည်။

ပခုက္ကူအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများနှင့်အတူ စစ်တပ်၏ လှည့်ဖြားမှု ကြောင့် အမှောင်ဝင်ကာ လက်နက်ချသွားသော ပခုက္ကူခရိုင်အတွင်းရှိ PDF များလည်း ရှိနေကြောင်း လွတ်မြောက်လာသည့် အကျဉ်းသားဟောင်းတစ်ဦး၏ ပြောပြချက်အရ သိရသည်ဟု Southern YSO PDF က သတင်းထုတ်ပြန်ထားသည်။

” ပခုက္ကူမြို့ ၊ ကမ္မမြို့ ၊ မြိုင်မြို့နယ် စတဲ့မြို့နယ်က PDF တွေပါ။ စကစ က သူတို့လိုချင်တဲ့ အချက် အလက်ကို စစ်ကြောရေးမှာ မြေပုံနဲ့တကွ အရယူပြီး ထောင်ထဲ ပို့ထားတာ။ ၂ လ ၊ ၃ လ အတွင်းက တော့ တောင်ကြီး ၊ မန္တလေး တို့မှာ ကြိုဆိုပွဲတွေ လုပ်ပေးတယ်။ မြို့ပေါ်ကဆို ကိုယ့်အိမ်မှာနေရ တယ်။ နယ်ကဆို စအဖ ရုံး(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) မှာထားတာ။ စည်းရုံးခိုင်းတယ် ရနိုင်သမျှ။ နောက်ကျ ထောင်ထဲပို့တယ်”ဟု Southern YSO PDF မှ ကိုအောင်မောင်းက MPA သို့ပြောသည်။

စစ်တပ်ထံ လက်နက်ချသွားပြီးနောက် ဖမ်းဆီးထောင်ချခံရသည့် အရေအတွက် အတိအကျကိုမူ ဖြေကြားခြင်းမရှိပေ။

“ထောင်ထဲမှာလည်း နှိပ်စက်တာတွေ ရှိတာပေါ့။ လက်နက်ပါတာရော၊ မပါတာရော။အများစု အနှိပ်စက်ခံရတယ်။ သတ်ပစ်ခံရတယ်။ စစ်ကြောင်းမှာ ခေါ်ပြီး မိုင်းရှင်းခိုင်းတယ်။ မိုင်းကွဲသေ ကြတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လက်နက်ချ အများစုသည် PDF တပ်ဖွဲ့ဝင်ဖြစ်စဉ်ကတည်းက မူးယစ်ဆေးသုံးစွဲသူများ ဖြစ်ပြီး အနည်းစုမှာမူ စစ်တပ်၏ စည်းရုံးမှုကြောင့် လက်နက်ချခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူထောင်တွင် အသက် ၁၇ နှစ်မှ အသက် ၇၀ ကျော်အရွယ်အထိ အကျဉ်းသား ၇၀၀ ခန့်ရှိပြီး ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၅၀ အထိ ချမှတ်ခံထားရသူများလည်း ရှိကာ မတရားစွပ်စွဲ ခံရသဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျော် ချမှတ်ခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့လည်း ရှိနေ ကြောင်း သိရသည်။

ထို့အပြင် မိသားစုလိုက် ဖမ်းဆီးခံထားရသူများ ၊ ခရီးသွားလာစဉ် မှတ်ပုံတင် စစ်ဆေးရာမှ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၅ နှစ်အထက် ချမှတ်ခံထားရသည့် CDM ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။