ဦးဝင်းမြင့်ကို တရားဝင်သမ္မတအဖြစ် ဆက်လက်ထောက်ခံဟု လွတ်လပ်သော CDM အဖွဲ့ဆို

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ကျွန်ုပ်တို့၏ တရားဝင်သမ္မတအဖြစ် ဆက်လက်ထောက်ခံကြောင်း လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ICCSO က ကြေညာလိုက်သည်။

ဧပြီ၂၁ရက်ညက ICCSO ထုတ်ပြန်လိုက်သော “နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုနှုတ်ခွန်း ဆက် သဝဏ်လွှာ”တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

“သမ္မတကြီးကို စဖမ်းတဲ့အချိန်တုန်းကလည်း မအလ က နှုတ်ထွက်တဲ့လက်မှတ်ထိုးခိုင်းတာ မထိုး ဘူး။အခု ပြန်လွှတ်မယ်ဆိုပြီး ၄၀၁ ကိုလက်မှတ်ထိုးခိုင်းတာ မထိုးခဲ့ဘူး။သမ္မတကြီးက လက်မှတ်မ ထိုးတဲ့နည်းနဲ့ သူ့မှာ အပြစ်မရှိဘဲ အဖမ်းခံခဲ့ရတယ်ဆိုတာကို ပြသခဲ့တယ်။ဒါတွေဟာ ကျမတို့ပြည်သူ တွေ ရွေးချယ်မှု မှန်ကန်ခဲ့တဲ့ သမ္မတကြီးဖြစ်ကြောင်း သက်သေပြလိုက်တာပဲလို့ ပြောချင်ပါတယ်”ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်ခဲ့သော CDMဆရာမတစ်ဦးက MPAသို့ပြောသည်။

၂၀၂၆ခုနှစ်၊ ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျန်းမာစွာဖြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ခဲ့ကြောင်း ကြားသိရသည့်အတွက် ပြည်သူလူထုနှင့်အတူ ဝမ်းမြောက်ကြောင်း ICCSO က ဆိုသည်။

ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့သည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်သည် တာဝန်ထမ်းဆောင်ချိန်တွင် အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်း ICCSO က ထုတ်ပြန်သည်။

CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုကလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ်သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီ၁၇ရက်တွင် ပြည်သူရွေးကောက်ခံ သမ္မတဦးဝင်းမြင့်ကို သမ္မတတုမင်းအောင်လှိုင်က ပြန်လွှတ် ပေးခဲ့ပြီး နေပြည်တော်၌ မိသားစုနှင့်အတူ နေထိုင်လျက်ရှိရာ စစ်တပ်က စောင့်ကြည့်မှုများ လုပ်လာ ကာ သမ္မတကြီးထံ သွားရောက်တွေ့ဆုံသူများကိုလည်း မတွေ့ဆုံမီ တင်းတင်းကျပ်ကျပ်စစ်ဆေး လျက်ရှိသည်။