အီရန်စစ်ပွဲကြောင့် ကွန်ဒုံးဈေးများ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်နိုင်

ဓာတ်ပုံ - AFP
ပုံစာ - မလေးရှားနိုင်ငံ၊ ပေါ့ကလန်မြို့ရှိ Karex ကုမ္ပဏီ၏ ကွန်ဒုံးထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။

အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ ဆက်လက် အနှောင့်အယှက်ဖြစ်နေပါက ဘေးကင်းသော လိင်ဆက်ဆံမှု အတွက် ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်ကြောင်း ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်သည့် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။

Karex ကုမ္ပဏီ၏ CEO ဖြစ်သူ ဂိုမြောင်ကယက်က အနှောင့်အယှက်များ မည်မျှကြာရှည်မည်အပေါ် မူတည်၍ ကုမ္ပဏီအနေဖြင့် ဈေးနှုန်းများကို အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ မဖြစ်မနေ မြှင့်တင်ရနိုင်ကြောင်း ဧပြီ ၂၁ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ပွဲစတင်ခဲ့ပြီးနောက် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များအပေါ် သက်ရောက်မှုရှိခဲ့ပြီး ကွန်ဒုံးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအချို့ ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။

“အခြေအနေက တကယ့်ကို ထိလွယ်ရှလွယ်ဖြစ်နေပြီး ဈေးနှုန်းတွေကလည်း မြင့်တက်နေပါတယ်။ လက်ရှိအချိန်မှာတော့ ကုန်ကျစရိတ်တွေကို ဝယ်ယူသူတွေဆီ လွှဲပြောင်းပေးဖို့ကလွဲလို့ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မရှိပါဘူး” ဟု ဂိုက ရိုက်တာသို့ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံအခြေစိုက် Karex ကုမ္ပဏီသည် ကွန်ဒုံးများ၊ ချောဆီများ၊ လက်အိတ်များ၊ ဆေးဘက်ဆိုင်ရာ ပိုက်များနှင့် အကာအကွယ်ပစ္စည်းများကို ထုတ်လုပ်သည်။

ကုမ္ပဏီသည် ONE၊ Trustex၊ Carex နှင့် Pasante အပါအဝင် အမျိုးသားသုံး လာတက်စ် (Latex) ကွန်ဒုံးများကို ထုတ်လုပ်ပြီး တစ်နှစ်လျှင် ကွန်ဒုံးအစင်းရေ ၅ ဘီလီယံ ကျော်အထိ ထုတ်လုပ်နိုင်သည်။

၎င်းတို့၏ ဝက်ဘ်ဆိုက်အရ Karex သည် နိုင်ငံပေါင်း ၁၃၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

“တကယ်တော့ အခုအချိန်မှာ အလွန်တရာ လိုအပ်နေပေမဲ့ သတ်မှတ်ထားတဲ့ ခရီးဆုံးကို မရောက်နိုင်သေးဘဲ သင်္ဘောတွေပေါ်မှာပဲ တင်ထားရတဲ့ ကွန်ဒုံးအမြောက်အမြားကို ကျွန်တော်တို့ တွေ့နေရပါတယ်” ဟု ဂိုက ပြောကြားခဲ့သည်။