စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ရေသန့်ဈေး ၂ဆ တက်သွားကြောင်း သိရသည်။
ဧပြီ ၂၀ရက်မှစပြီး ကလေးမြို့တွင် လီတာ၂၀ ရေသန့်ဘူးကြီးတစ်ဘူးလျှင် ၁၅၀၀မှ ကျပ်၃၀၀၀ သို့ ၊ သောက်ရေသန့်ဗူးအသစ် ဝယ်ယူအသုံးပြုပါက လီတာ၂၀ တစ်ဘူးလျှင် ကျပ်၅၀၀၀ မှ တစ် သောင်းသို့ မြင့်တက်လာခြင်းဖြစ်ကြောင်း ကလေးမြို့ခံ အသက် ၃၀ အရွယ်ရှိ အိမ်ရှင်မတစ်ဦးက MPA ကို ပြောသည်။
” ရေသန့်ဘူးကြီးတစ်ဘူးကို ၅၀၀ ထဲကနေ ဝယ်သောက်လာတာ။ မနှစ်ကအထိ ရေသန့် ၂၀ လီတာ ဗူးကြီးတစ်ဗူးကို ၁၅၀၀ပဲ ရှိတာ။ ပြီးခဲ့တဲ့ မတ်လက ၂၀၀၀ ဖြစ်တယ်။ ဒီလတော့ မနေ့ကစပြီး ၃၀၀၀ ဖြစ်သွားတယ်။ ကျမတို့အိမ်က မိသားစုဝင်လည်းများတော့ ရေသန့်ဘူးကြီးက တစ်ပတ်ကို ၅ဘူး လောက် ကုန်တယ်။ အဲမှာတင် တလစာကို သောက်ရေဖိုးနဲ့တင် ၆သောင်းလောက် ကုန်နေတာ။ တခြားကုန်ဈေးနှုန်းကလည်း တောက်လျှောက်တက်နေတော့ ရေသန့်သောက်ဖို့တောင် စဉ်းစားနေ ရပြီ” ဟု ၎င်းကပြောသည်။
သောက်ရေသန့် ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်တက်နေခြင်းကြောင့် သောက်ရေသန့် ဈေးနှုန်းတိုးမြှင့် ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဧပြီ ၁၀ရက်တွင် ကလေးမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်း က ထုတ်ပြန်ထားသည်။
” ဈေးတက်သလို ကွာလတီလည်း ထိန်းစေချင်တယ်။ တစ်ခါတလေ ထုံးတွေလို အနည်တွေ ပါလာ တာလည်း ရှိတယ်။ အနံ့လည်း သိပ်မကောင်းဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ကလေးမြို့တွင် တောင်ဇလပ်၊ New Life၊ မြနဒီ၊ နန်းထိုက်စံ၊ ကျန်းမာချမ်းသာ၊ 7 Star၊ Morning Star စသည့် ရေသန့်ကုမ္ပဏီ အနည်းဆုံး ၁၄ခုခန့်ရှိပြီး ၎င်းတို့က ကားဖြင့်လှည့်လည်ကာ အိမ်တိုင်ရာ ရောက်ရေသန့်ဗူးများဖြန့်ဝေပေးလျက်ရှိသည်။
