အမေရိကန်က အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို အကန့်အသတ်မရှိ သက်တမ်းတိုး

ဓာတ်ပုံ - REUTERS

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူပေါင်းထောင်ချီ သေဆုံးစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၁ ရက်၊ သက်တမ်းကုန်ဆုံးရန် နာရီပိုင်းအလိုတွင် အကန့်အသတ်မရှိ သက်တမ်းတိုးမြှင့်လိုက်သည်။

ထရမ့်က လူမှုကွန်ရက်ပေါ်ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးနေသော ပါကစ္စတန်နိုင်ငံ၏ တောင်းဆိုချက်ကို သဘောတူခဲ့ကြောင်းနှင့် “အီရန်နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ စုစည်းထားတဲ့ အဆိုပြုချက်တစ်ခု မတင်ပြနိုင်မချင်း အီရန်အပေါ် တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထရမ့်၏ ကြေညာချက်သည် တစ်ဦးတည်းသဘောဖြင့် လုပ်ဆောင်ခြင်းဖြစ်ပုံရပြီး လွန်ခဲ့သည့် နှစ်ပတ်က စတင်ခဲ့သော ယခုအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို အီရန် သို့မဟုတ် အမေရိကန်၏ မဟာမိတ် အစ္စရေးတို့က သဘောတူမည်လားဆိုသည်မှာ ချက်ချင်းဆိုသလို ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ထို့ပြင် အီရန်ခေါင်းဆောင်များက “စစ်ကြေညာသည့် လုပ်ရပ်” ဟု ခေါ်ဆိုထားသော အမေရိကန်ရေတပ်၏ အီရန်ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းများကို ပိတ်ဆို့ထားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထရမ့်က ဆိုသည်။

အီရန်၏ အဆင့်မြင့်ဆုံးခေါင်းဆောင်များထံမှ ချက်ချင်းတုံ့ပြန်ချက် မထွက်ပေါ်သေးသော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်နှင့် နီးစပ်သည့် Tasnim သတင်းဌာနကမူ အီရန်သည် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် မတောင်းဆိုခဲ့ကြောင်းနှင့် အမေရိကန်၏ ပိတ်ဆို့မှုကို အင်အားသုံး၍ ဖြိုခွဲမည်ဟူသော ခြိမ်းခြောက်မှုများကို ထပ်လောင်းပြောဆိုခဲ့သည်။

အီရန်၏ အဓိကညှိနှိုင်းရေးမှူးဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘာ့ဖ်၏ အကြံပေးပုဂ္ဂိုလ်ကလည်း ထရမ့်၏ ကြေညာချက်သည် အလေးအနက်ထားစရာ မရှိကြောင်း ပြောကြားသည်။

လွှတ်တော်ဥက္ကဋ္ဌ၏ အကြံပေး မာဒီ မိုဟာမ္မဒီ က “ထရမ့်ရဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုဟာ အလစ်အငိုက်တိုက်ခိုက်ဖို့ အချိန်ဆွဲတဲ့ ပရိယာယ်တစ်ခုသာ ဖြစ်တယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး အမေရိကန်၏ ပိတ်ဆို့မှုကို ဆက်လက်လုပ်ဆောင်နေသော စစ်ရေးကျူးကျော်မှုဟု ခေါ်ဆိုခဲ့သည်။ ၎င်းက “အီရန်အနေနဲ့ ဦးဆောင်လှုပ်ရှားရမယ့် အချိန်ရောက်ပြီ” ဟုလည်း ဆိုသည်။

ထရမ့်က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ “အီရန်အစိုးရအတွင်း ပြင်းပြင်းထန်ထန် အကွဲအပြဲတွေ ဖြစ်နေလို့ပါ၊ ဒါဟာ မျှော်လင့်မထားတဲ့အရာတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။ ယင်းသည် ၎င်း၏သားဖြစ်သူက ဆက်ခံခဲ့သော ကွယ်လွန်သူ အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်အချို့ကို အမေရိကန်-အစ္စရေးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

CNBC နှင့် အင်တာဗျူးတွင် အမေရိကန်သည် ဆွေးနွေးပွဲ၌ အသာစီးရနေသည့် အခြေအနေတွင်ရှိပြီး နောက်ဆုံး၌ “ကြီးကျယ်တဲ့ သဘောတူညီချက်တစ်ခု (a great deal)” ကို ရရှိလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှရစ်ဖ်က လူမှုကွန်ရက်မှတစ်ဆင့် “လက်ရှိသံတမန်ရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပေးဖို့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံပေးတဲ့အတွက်” ထရမ့်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လိုက်နာပြီး အစ္စလာမ္မာဘတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲအတွင်း ပဋိပက္ခကို အမြဲတမ်းအဆုံးသတ်မယ့် ဘက်စုံငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်လိမ့်မယ်လို့ ကျွန်တော် စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်” ဟု ရှရစ်ဖ်က ရေးသားခဲ့သည်။