အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် သတင်းများကို ကြိုဆိုကြောင်း အမေရိ ကန်သံရုံးက ထုတ်ပြန်သည်။
“အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဦးဝင်းမြင့်ဆိုပြီး သုံးနှုန်းသွားတယ်။သမ္မတဆိုတာကို တမင်ချန် ထားတဲ့ပုံပါ။အီးယူရဲ့ ထုတ်ပြန်ချက်မှာလည်း သမ္မတဆိုတဲ့အသုံးကို ချန်ထားတာတွေ့ရတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကို ဆက် လက်ပံ့ပိုးကူညီသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်း ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ပြောရေးဆိုခွင့် ရှိသူ Anitta Hipper က တွစ်တာ၌ ဧပြီ၂၁ရက်က ဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် ဦးဝင်းမြင့်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းသက် သာခွင့် ပေးသည့် ကြေညာချက်နှင့် သေဒဏ်ချမှတ်ခံထားရသူ အများအပြားအား ပြစ်ဒဏ်လျှော့ပေါ့ ပေးခြင်းအပေါ် ကြိုဆိုကြောင်းလည်း ဆိုသည်။
နှစ်ဆန်းတစ်ရက်တွင် ပြည်သူရွေးကောက်ခံသမ္မတဦးဝင်းမြင့်ကို သမ္မတတုမင်းအောင်လှိုင်က ပြန် လွှတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုမူ မည်သည့်နေရာ၌ ထိန်းသိမ်းထားသလဲဆိုသည်ကိုပင် မသိရသေးပေ။
ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ သားအငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းအပါအဝင် များစွာသော ပြည်သူတို့က စိုးရိမ်နေကြပြီးလူ့အခွင့်အရေးအဖွဲ့ All in One Piece Movement က ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာဖြင့် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် Proof of Life ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုထားသည်။
နှစ်ဆန်းတစ်ရက်(ဧပြီ၁၇ရက်)တွင် သမ္မတတုမင်းအောင်လှိုင်က အကျဉ်းသား၄၃၃၅ဦးကို လွတ်ငြိမ်း ခွင့်ပြုကြောင်း ကြေညာခဲ့သော်လည်း ၁၆၈၆ဦးသာ အမှန်တကယ်လွတ်မြောက်လာပြီး ယင်းအထဲ၌ နိုင်ငံရေးအကျဉ်းသား ၂၉၂ဦးသာ ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် PPNM က ဧပြီ၁၈ရက်၌ ထုတ်ပြန်ထားသည်။
