ဥရောပသမဂ္ဂနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ၂၀၂၅ ခုနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့

ဥရောပသမဂ္ဂ (EU) အတွင်း နေထိုင်လျက်ရှိသော ပြည်ပဖွား ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် ၆၄.၂ သန်းအထိ ရှိလာပြီး စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ဘာလင်အခြေစိုက် RFBerlin မှ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန (CRAM) ၏ အစီရင်ခံစာအရ ၂၀၁၀ ပြည့်နှစ်က ရွှေ့ပြောင်းနေထိုင်သူ ၄၀ သန်းသာ ရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါကလည်း ၂.၁ သန်းခန့် တိုးပွားလာခြင်း ဖြစ်သည်။

Eurostat နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) တို့မှ အချက်အလက်များကို အခြေခံ၍ အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံသည် EU အတွင်း ရွှေ့ပြောင်းနေထိုင်သူ အများဆုံးရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး၊ နိုင်ငံအတွင်း ပြည်ပဖွား ၁၈ သန်းနီးပါး နေထိုင်လျက်ရှိသည်။

ယင်းအရေအတွက်သည် ၂၀၁၀ ပြည့်နှစ်က ၁၀ သန်းရှိခဲ့ရာမှ ၇၀ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံ လူဦးရေ၏ ၂၁.၂ ရာခိုင်နှုန်းခန့်သည် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ပြီး၊ ၎င်းတို့အနက် ၇၂ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သောအရွယ်များ ဖြစ်ကြသည်။

၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အကြား ဂျာမနီသို့ ရွှေ့ပြောင်းလာသူ အရေအတွက်မှာ ၃၀၀,၀၀၀ ခန့် (၁.၇ ရာခိုင်နှုန်း) တိုးတက်လာခဲ့သည်။

ယင်းသည် EU တစ်ခုလုံး၏ ပျမ်းမျှတိုးတက်မှုနှုန်း ၃.၄ ရာခိုင်နှုန်း၏ ထက်ဝက်ခန့်သာ ရှိသည်။

ဂျာမနီသည် ဒုက္ခသည် အရေအတွက်ကိုလည်း အများဆုံး လက်ခံထားပြီး လက်ရှိတွင် ၂.၇ သန်း နေထိုင်လျက်ရှိသည်။

စပိန်နိုင်ငံသည် မကြာသေးမီက ရွှေ့ပြောင်းနေထိုင်သူ အလျင်မြန်ဆုံး တိုးတက်လာသည့် နိုင်ငံဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပဖွား လူဦးရေ ၇၀၀,၀၀၀ ခန့် တိုးပွားလာရာ စုစုပေါင်း ၉.၅ သန်းသို့ ရောက်ရှိခဲ့သည်။ ယင်းမှာ ၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး EU ပျမ်းမျှနှုန်းထက် နှစ်ဆကျော် ပိုများသည်။

ကိန်းဂဏန်း အရေအတွက်အရ ဂျာမနီက ဦးဆောင်နေသော်လည်း၊ လူဦးရေ အချိုးအစားအရ ကြည့်လျှင် နိုင်ငံငယ်အချို့တွင် ရွှေ့ပြောင်းနေထိုင်သူ အချိုးအစား ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။

လူဇင်ဘတ်နိုင်ငံသည် ထိပ်ဆုံးမှ ရှိနေပြီး ၎င်း၏ လူဦးရေ ၅၂ ရာခိုင်နှုန်းခန့်မှာ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သည်။

ထို့အပြင် မော်လ်တာ (၃၂ ရာခိုင်နှုန်း) နှင့် ဆိုက်ပရပ်စ် (၂၈ ရာခိုင်နှုန်း) တို့ ရှိနေပြီး အိုင်ယာလန်နှင့် သြစတြီးယားတို့တွင်လည်း ၂၃ ရာခိုင်နှုန်းခန့်စီဖြင့် အချိုးအစား မြင့်မားသည်။

လစ်သူယေးနီးယား၊ ဟန်ဂေရီနှင့် ရိုမေးနီးယားတို့တွင် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပြီး၊ ဆလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယားနှင့် ပိုလန်တို့သည် ၅ ရာခိုင်နှုန်းအောက်စီဖြင့် အနည်းဆုံး အဆင့်တွင် ရှိနေသည်။

၂၀၂၅ ခုနှစ်တွင် EU အတွင်း ခိုလှုံခွင့်လျှောက်ထားမှု အရေအတွက် စုစုပေါင်း ၆၆၉,၃၆၅ ခု ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၆.၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

စပိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံလေးခုပေါင်းသည် ခိုလှုံခွင့် လျှောက်ထားမှု စုစုပေါင်း၏ လေးပုံသုံးပုံခန့် ရှိသည်။

ဂျာမနီသည် ဒုက္ခသည် အရေအတွက် အများဆုံး လက်ခံထားသော်လည်း၊ နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ပါက ဆိုက်ပရပ်စ်သည် ဒုက္ခသည်အချိုးအစား ၄.၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်နေသည်။

ဒုက္ခသည် အရေအတွက် ဂျာမနီတွင် ၃.၂ ရာခိုင်နှုန်းရှိပြီး၊ အီတလီသည် ၀.၅ ရာခိုင်နှုန်းဖြင့် EU အတွင်း ဒုက္ခသည် အချိုးအစား အနည်းဆုံးနိုင်ငံ ဖြစ်သည်။