ခမရ ၅၈၃ တပ်ရင်းကို ရေးဘီလူး တိုက်ခိုက် ၊ စစ်သား ၂ ဦး သေဆုံးနိုင်ဟုဆို

ဓာတ်ပုံ - ရေးဘီလူး
ပုံစာ - တိုက်ပွဲဝင် ရေးဘီလူးရဲဘော်များ။(ပုံဟောင်း)

မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးနိုင်ကြောင်း သိရသည်။

ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၈ နာရီခန့်တွင် ကျောင်းရွာအခြေစိုက် ခမရ ၅၈၃ တပ်ရင်း၏ အပြင်ဘက်ရှိ ဂိတ်ကင်း ၃ ခုအနက် တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ရာ ဂိတ်ကင်း ဘန်ကာ၌ ရှိနေသည့် စစ်သား ၂ ဦး သေဆုံးနိုင်ကြောင်း ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

“တံခါးဂိတ်ကင်း ဘန်ကာကို တိုက်ခိုက်ခဲ့တာပါ။ ဆက်သွယ်ရေးမြောင်းဘက်က လာကူပစ်တာမျိုး တွေရှိပါတယ်။ စခ ၂ ကောင်ကိုက အတည်ပြုမရသေးဘူး။ ထိချက်တော့ ကောင်းတယ်။ သေဖို့ များမယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် အင်အားဖြည့်တင်းထားပြီး လုံခြုံရေးကင်းချထားခြင်းများလည်း ရှိကြောင်း သိရသော်လည်း အခြေအနေ အပြည့်အစုံကို မသိရပေ။

“အပြင်မှာရှိတာက သူတို့ကင်းက ၃ ကင်းရှိတယ်ပေါ့နော်။ တံခါးဂိတ်ကင်းက ဘန်ကာကင်း တစ်ခု ရယ် ၊ ဆက်သွယ်ရေးမြောင်း ကင်းတစ်ခုရယ် ၊ ပြီးလို့ရှိရင် တပ်ထောင့် ကင်းတစ်ကင်းရှိမယ်။ ကင်း ၃ ကင်းမှာ လူကတော့ အလွန်ဆုံး ၂၀ ကျော်လောက်တော့ရှိမယ်။ ဘာလို့ဆို တစ်ကင်းမှာပဲ ၇ ယောက်နီးပါးလောက်ရှိတယ်ပေါ့နော်။ သူတို့က တပ်စိတ်တစ်စိတ်ပုံစံမျိုးနဲ့ ဖွဲ့စည်းပုံချထားတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

ခမရ ၅၈၃ တပ်ရင်းတွင် စစ်သားအင်အား ၁၀၀ ခန့်ရှိကြောင်း သိရသည်။