ဓာတ်ဆီသယ်လာသည့် ဆိုင်ကယ် မီးပုံပေါ်သို့ တိမ်းမှောက်ပြီး လူတစ်ဦး မီးလောင် သေဆုံး

ဓာတ်ပုံ-Bobowin
ပုံစာ- မီးလောင်ခံထားရသူကို ဆေးရုံသို့ ပို့ဆောင်စဉ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်၊ ဈေးကြိုရပ်ကွက်အတွင်း ဓာတ်ဆီဘူးသယ်လာစဉ် မီးပုံပေါ်သို့ ဆိုင်ကယ်တိမ်းမှောက်ပြီး လူတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ၂၁ရက်၊ည ၉နာရီ၁၅မိနစ်ခန့်တွင် မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက်၊ဆန်းတန်းတွင် ဓာတ်ဆီဘူး ၃ဘူး တင်လာကာ နေအိမ်သို့ ပြန်လာသည့် ဆိုင်ကယ်တက္ကစီသမားသည် ၎င်း၏ နေအိမ်အနီး အမှိုက်ပုံးများ မီးရှို့ထားသည့် မီးပုံအား ရှောင်မောင်းစဉ် မီးပုံပေါ်သို့ ဆိုင်ကယ်တိမ်းမှောက် ခဲ့ကာ မီးလောင်သေဆုံးခဲ့ကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။

“ဆိုင်ကယ်မှောက်တော့ သယ်လာတဲ့ ဘူးတဲ့ ဓာတ်ဆီတွေလည်း ကိုယ်ပေါ်ရော မီးပုံထဲရော ကျပြီး လူကို မီးရှို့သလို ဖြစ်သွားတာ။လူငယ်အရွယ်ပိုင်းထဲကပဲ။အင်မတန်ကြားရခဲတဲ့ ဖြစ်စဉ်ပါ”ဟု ၎င်းက MPAသို့ပြောသည်။

ခန္ဓာကိုယ် မီးစွဲလောင်နေစဉ် ရပ်ကွက်သားများက ဝိုင်းဝန်းငြှိမ်းသတ်ဆွဲထုတ်ကာ ကယ်ဆယ်ရေးအ ဖွဲ့က မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဆေးရုံရောက်တဲ့အထိ အသက်ရှိသေးတယ်။ ပြီးမှပဲ ဆေးရုံပေါ်မှာ ဆုံးသွားတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့(ဧပြီ၂၂ရက်)မွန်းလွဲ၂နာရီတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ပိန္နဲကုန်းသုဿန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။