ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသူများအတွက် သရဏဂုံတင်ကြေးအဖြစ် ဆေးရုံစောင့်များက ငွေကျပ် သိန်းချီ တောင်းခံမှုများ ပြုလုပ်နေကြောင်း ကြုံတွေ့ခဲ့ရသူများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသရင်း ဆုံးပါးသွားသူများ၏ Dead Body ထုတ်ကြေး၊ သရဏဂုံတင်ရန် အလောင်းပြင်ဆင်စရိတ်များကို နာရေးရှင်များထံမှ ဆေးရုံရေခဲတိုက်အစောင့်များက မတရားငွေကြေးများ မတန်တဆ တောင်းခံနေခြင်းဖြစ်သည်။
ထိုသို့ မတန်တဆ တောင်းခံရာတွင် ရေခဲတိုက်မှ Dead body ထုတ်ခအဖြစ် ကျပ်ငါးသောင်းဝန်းကျင်၊ အလောင်းပြင်ဆင်စရိတ်အဖြစ် ငွေကျပ် တစ်သိန်းဝန်းကျင် ပေးနေရခြင်းဟု သိရသည်။
“ကျတော့်အသိတစ်ယောက်ရဲ့ အဖေဆုံးသွားတာ ရေခဲတိုက်ကနေ အလောင်းထုတ်ဖို့ ငါးသောင်းပေးရတယ်။ ပြီးတော့ အလောင်းကို မိတ်ကပ်ပြင်၊ ပန်းပြင်ဖို့ တစ်သိန်းတောင်းတယ်။ ဘာလုပ်ဖို့လဲဆိုတော့ သရဏဂုံတင်ဖို့တဲ့။ ဘုန်းကြီးလှူလားဆိုတော့ မလှူဘူး” ဟု ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးခဲ့သူတစ်ဦး၏ အသိမိတ်ဆွေဖြစ်သူက ပြောသည်။
ထို့ပြင် ရန်ကုန်ဆေးရုံကြီး၌ အလုပ်လုပ်နေသည့် ဆေးရုံအလုပ်သမားများသည် လူနာရှင်များထံမှ နည်းမျိုးစုံဖြင့် ငွေတောင်းခံမှုများလည်း ရှိနေသည်ဟု သိရသည်။
“အရေးပေါ်မှာလည်း ဆိုးတယ်။ လူနာက သေမလိုရှင်မလို ဖြစ်နေပါတယ်ဆိုမှ သူတို့က လူနာရှင်ဆီက လက်ဖက်ရည်ဖိုးဆိုပြီး တွန်းလှည်းခကအစ ရသလို တွယ်နေကြတာပဲ။ ခေတ်ပျက်နေတော့ ဘာမှလုပ်မရ ပေးရတာပေါ့” ဟု ဆေးရုံစောင့်များ၏ ငွေကြေးတောင်းခံမှုကို မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
အလားတူ ဆေးရုံမှ လူနာတင်ယာဉ်မောင်းသူများကလည်း လူနာကို ဆေးရုံအပြောင်းအရွှေ့ လုပ်ရသည့်အခါများတွင် အခမဲ့မလုပ်ပေးဘဲ ငွေကြေးပေးမှ လုပ်ပေးသည်များလည်း ဖြစ်နေကြောင်း သိရသည်။
ယင်းသို့ ဆက်ကြေးကောက်သကဲ့သို့ ဆေးရုံစောင့်များ၏ ငွေကြေးတောင်းခံမှုများကို ဆေးရုံတာဝန်ရှိသူများကလည်း အရေးယူဆောင်ရွက်ခြင်းမျိုး မရှိဟု သိရသည်။
“ဆေးရုံမှာ တိုင်ကြားဖို့ အကြံပေးဖို့ စာတိုက်ပုံးထားထားတယ်။ တိုင်စာတွေ ပို့တာပဲ။ ဖွင့်ရော ဖတ်ကြရဲ့လားမသိဘူး။ ဖွင့်ဖတ်ရင် သိမှာပဲ။ သိရင် အရေးယူပေါ့။ သိသိကြီးနဲ့ အရေးမယူရင် ဒါ အလိုတူအလိုပါပဲလေ” ဟု အသက် ၃၅ နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်ဆေးရုံကြီး၌ ဆေးရုံအလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာ နည်းပါးမှုကို အရင်းခံရာမှ ယခုကဲ့သို့ အရေးတကြီး ဖြစ်နေသည့် လူနာရှင်များထံမှ ငွေရလွယ်သော ငွေကြေးတောင်းခံမှုများကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဆေးရုံမှ ဆရာဝန်၊ သူနာပြုကဲ့သို့ အဆင့်မြင့်ဝန်ထမ်းများအကြား ငွေကြေးတောင်းခံမှုများ မရှိသလောက် နည်းသွားသော်လည်း ဆေးရုံစောင့်၊ တွန်းလှည်းတွန်းသမား၊ ဆေးရုံကားမောင်းသူ၊ ရေခဲတိုက်အလုပ်သမား စသည့် အောက်ခြေဝန်ထမ်းများတွင်မူ လူနာရှင်များထံမှ ငွေတောင်းသည့် အလေ့အထ ပျောက်မသွားခဲ့ပေ။
ယခု စစ်အာဏာသိမ်းကာလအတွင်း ငွေကြေးကျပ်တည်းမှုများ ပိုဆိုးလာသဖြင့် အဆိုပါ အောက်ခြေအလုပ်သမားများ၏ လူနာရှင်များထံမှ ငွေတောင်းခံမှုများသည် ပို၍ ဆိုးရွားလာနေခြင်းလည်း ဖြစ်သည်။
