ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနှင့် အတိုင်ပင်ခံဟု ကနေဒါအစိုးရ ဆက်လက် သုံးနှုန်း

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟု ကနေဒါအစိုးရက ဆက်လက်သုံးနှုန်းခဲ့သည်။

မြန်မာနှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်နှင့် အကျဉ်းသား၄၅၀၀ကျော်ကို လွတ်ငြိမ်း ခွင့်ပေးသည့်အပေါ် ကြိုဆိုကြောင်း ကနေဒါအစိုးရက ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအား လုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်လည်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆို ထားသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်ရန်နှင့် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးရလဒ် ထွက်ပေါ်လာရေးအတွက် အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲများ ဖော်ဆောင်ရန်လည်း တောင်းဆိုထားသည်။

“သမ္မတကြီးဦးဝင်းမြင့် လွတ်လာတာကို နိုင်ငံတကာက ကြိုဆိုနေတဲ့အချိန်မှာ ကျနော်တို့ရဲ့သမ္မတ က နေအိမ်အကျယ်ချုပ်ပုံစံမျိုး ကန့်သတ်ခံထားနေရပြီဆိုတာကို နိုင်ငံတကာက သိအောင် ကျနော် တို့ အသံထွက်ပေးကြဖို့လိုမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။

ဧပြီ၁၇ရက်တွင် ပြည်သူရွေးကောက်ခံ သမ္မတဦးဝင်းမြင့်ကို သမ္မတတုမင်းအောင်လှိုင်က ပြန်လွှတ် ပေးခဲ့ပြီး နေပြည်တော်၌ မိသားစုနှင့်အတူ နေထိုင်လျက်ရှိရာ စစ်တပ်က စောင့်ကြည့်မှုများ လုပ်လာ ကာ သမ္မတကြီးထံ သွားရောက်တွေ့ဆုံသူများကိုလည်း မတွေ့ဆုံမီ တင်းတင်းကျပ်ကျပ်စစ်ဆေး လျက်ရှိသည်။

နှစ်ဆန်းတစ်ရက်(ဧပြီ၁၇ရက်)တွင် သမ္မတတုမင်းအောင်လှိုင်က အကျဉ်းသား၄၃၃၅ဦးကို လွတ်ငြိမ်း ခွင့်ပြုကြောင်း ကြေညာခဲ့သော်လည်း ၁၆၈၆ဦးသာ အမှန်တကယ်လွတ်မြောက်လာပြီး ယင်းအထဲ၌ နိုင်ငံရေးအကျဉ်းသား ၂၉၂ဦးသာ ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် PPNM က ဧပြီ၁၈ရက်၌ ထုတ်ပြန်ထားသည်။

နိုင်ငံ့ခေါင်းဆောင်၊အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာသည့် အထောက်အထားပြရန် All in One Piece Movement က Proof of Life ကမ်ပိန်း ပြုလုပ်လျက်ရှိသည်။