တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သမီးပေါ်သော (ဟင်းကပိ) ကျေးရွာနေအိမ်တွင် KTLA ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် KNLA ရဲဘော် ၄ ဦးနှင့် ဆယ်ကျော်သက်ကလေးတစ်ဦး သေဆုံးသွားကြောင်း KNU တပ်မဟာ (၄) တာဝန်ရှိသူများထံမှ သိရသည်။
ယမန်နေ့( ဧပြီလ ၂၂ ရက်) နံနက် ၄ နာရီခန့်က ကျေးရွာလုံခြုံရေးယူပေးနေသည့် KNLA ရဲဘော်များ တည်းခိုနေသော နေအိမ်အတွင်း KTLA ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ရွာအနားမှာ လုံခြုံရေးယူပေးနေတဲ့ ရဲဘော်တွေ ကျေးရွာလုံခြုံရေးတာဝန်ခံအိမ်မှာပဲ အိပ်ကြတာ။ တာဝန်ပြီးတော့ အိပ်နေတုန်း ဝင်ပစ်သွားတာ။ တစ်ခါတည်း အကုန်လုံး ပွဲချင်းပြီး သေသွားတယ်” ဟု ကေအဲန်ယူ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက MPA ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU ကျေးရွာလုံခြုံရေးတာဝန်ခံတစ်ဦး၊ ၎င်း၏ အသက် ၁၁ နှစ်အရွယ် သားနှင့် KNLA တပ်ရင်း (၁၂) ရဲဘော် ၃ ဦး သေဆုံးသွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး KTLA ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားပေးခြင်း မရှိပေ။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင် အုပ်ချုပ်မြေအတွင်း နယ်ဒါးမြ ဦးဆောင်သည့် KTLA တပ်ဖွဲ့များသည် KNU/KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို မကြာခဏ ခြုံခိုတိုက်ခိုက်နေသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်က ရှေ့တန်းမှ ပြန်လာသည့် ဗထူးတပ်ဖွဲ့ဝင်များကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် ရဲဘော် ၅ ဦး သေဆုံးကာ ၄ ဦးခန့် ဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ထားသည်။
KTLA ဘက်က KNU/KNLA နှင့် KTLA အချင်းချင်းကြား ပြဿနာဖြစ်သည့်အတွက် နွေဦးတော်လှန်ရေးအင်အားစုများ ဝင်မပါကြရန် ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုးက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
“ဒီလိုမျိုး နွေဦးတော်လှန်ရေးအင်အားစုများကို ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ကြံနေတာ အကြိမ်များနေပြီ၊ ထုတ်မပြောခဲ့တာပဲ ရှိတယ်။ ဒါက KNU/KNLA တစ်ခုတည်း မဟုတ်တော့ဘူး၊ တော်လှန်ရေးအဖွဲ့အားလုံးကို ရည်ရွယ်ပြီး လုပ်ကြံနေတဲ့အဖွဲ့ ဖြစ်နေပြီ။ ထိန်းသိမ်းမှုမရှိရင် ပဋိပက္ခက ကျယ်ပြန့်လာမှာပဲ။ အာဏာရှင်ကို မကြိုက်လို့ တော်လှန်နေတာ၊ အာဏာရှင်လာလုပ်တဲ့ အဖွဲ့တိုင်းကို တုံ့ပြန်ရမှာပဲ” ဟု ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ တော်လှန်ရေးရဲဘော်များ လုပ်ကြံသတ်ဖြတ်ခံနေရသည့်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ သေချာဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။
လူသတ်မှုစွပ်စွဲချက်ဖြင့် KNDO စစ်ဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် စောနယ်ဒါးမြသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကော်သူးလေတပ်မတော် (KTLA) က “ကော်သူးလေအစိုးရ” အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်သူနှင့် တော်လှန်ရေးအဖွဲ့များကို အနှောင့်အယှက်ပေးနေသည့် ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့ကို စစ်တပ်၏မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် KNU က ထုတ်ပြန်ထားသည်။
