မကွေးတိုင်း ၊ စလင်းမြို့နယ်အတွင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေထဲတွင် ကင်းလှည့်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ဧပြီ ၂၁ ရက်၊ ညနေ ၆ နာရီခန့်တွင် စလင်းမြို့မှ စီရင်ဦးကျေးရွာဘက်သို့ ထွက်လာသော စစ်သားနှင့်ပျူ ပူးပေါင်း အင်အား ၂၀ ဝန်းကျင်ပါ စစ်ကြောင်းကို စီရင်ဦးကျေးရွာအနီးရှိ ဇရပ်နား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ညီနောင်-စလင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
“ကင်းပတ်တဲ့ စစ်ကြောင်းမျိုးပါ။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲမှာ လှည့်ကင်း ထွက်လာတဲ့ စစ်ကြောင်းပေါ့။ မိုင်း ၃လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ မိုင်းကတော့ ရှေ့ထွက်မိုင်း အဝေးထိန်းစနစ်နဲ့ပါ”ဟု ပြည်သူ့ညီနောင်-စလင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်တပ်ဘက်က ၁၀ ဦးဝန်းကျင် အင်အားဖြည့်တင်းကာ ဒဏ်ရာရရှိ သည့် စစ်သားများကို သယ်ဆောင်၍ စလင်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“တပ်ကူတွေက ကန်ဘောင်(အနောက်ကန်ဘောင် ကျေးရွာ)ဘက်က ထွက်လာတာဗျ။ ပျူတွေနဲ့ စစ်ကော်မရှင်တပ်သားတွေ။ လှည့်ကင်းဆောင်ရွက်တာတွေ ရှိတယ်ဗျ။ ဖောက်ခွဲပြီးနောက် ည ၈နာရီလောက်မှာ ကန်ဘောင်ဘက်မှာ ပျုစောထီးတွေနဲ့ စစ်ကော်မရှင်တွေ အင်အား ၅၀ ဝန်းကျင် လောက် ရှိမယ်ဗျ။ သေနတ်ဖောက် ကြိမ်းဝါးနေကြတယ်ဗျ”ဟု ၎င်းကဆက်လက် ပြောသည်။
ယင်းတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊ စလင်းမြို့ပြ(UG)ကျားပေါက်အဖွဲ့နှင့် ပြည်သူ့ညီနောင်-စလင်းအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
စီရင်ဦးကျေးရွာသည် အနောက်ကန်ဘောင်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး စစ်တပ် ထိန်းချုပ်နယ်မြေဖြစ်သည်။
