ချောင်းဦးတွင် စစ်သားများ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း
ပုံစာ - မိုင်းထုတ်လုပ်နေသည့် ရဲဘော်များ ။(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်သားများ မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံးကြောင်းသိရသည်။

ယနေ့ (စက်တင်ဘာ ၁၇ရက်) နေ့ခင်း ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် အထိုင်စခန်းမှ ထွက်လာသည့် စစ်သား ၇၀ ဝန်းကျင်ကို နတ်ရေကန်နှင့် ရေပိုးစားရွာကြားရှိ နေလကျောက်ခွဲစက်အနီး ပဒေသာမိုင်း ၂ လုံးတွဲ တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။

” အရင်ရက်ကတိုက်ပွဲဖြစ်လို့ပါ။ အမြဲလိုလို နတ်ရေကန်ဘက်ကအင်အား၇၀နဲ့ ၆၀ပတ်ချာလည်တက်ပါတယ်။လွန်ခဲ့သောရက်က ဂွေးပင်တောဘက် တိုက်ပွဲဖြစ်ထားတာကြောင့်ပါ။ မိုင်းဆွဲခံရတော့ ရမ်းသန်းပစ်တာပေါ့ဗျာ။ အထိနာတဲ့ စခတွေကတော့ နောက်ကားလာတဲ့ထိ ထိုင်စောင့်ပါတယ်” ဟု မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းမှ ရဲဘော်ငကြွက်က MPA သို့ပြောသည်။

ထို့နောက် နေ့ခင်း ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအထိုင်စခန်းမှ ထွက်လာသည့် စစ်သား ၂၀ ဝန်းကျင်ကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားရွာကြားရှိ နေလကျောက်ခွဲစက်အနီး၌ပင် ပဒေသာမိုင်း ၃ လုံးတွဲ တစ်ပွိုင့်ဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဆွဲတာရှေ့ဆင့်နောက်ဆင့်ဆိုတော့ ကားလမ်းအတိုင်း စခများက စစ်ကြောင်းလျှောက်လာတာပါ။ သူတို့ထိခိုက်ဒဏ်ရာရတော့ ရမ်းပစ်ပါတယ်။ ရမ်းပစ်ပြီး ဟိုသွားဒီသွား သွားပြီး လာခေါ်တဲ့ကားကို ထိုင်စောင့်တယ်လို့ ကင်းထောက်ရဲဘော်ကပြောပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံး စစ်သားများကို ကားဖြင့်လာခေါ်ကာ နတ်ရေကန်နှင့် ဂွေးပင်တောအထိုင်စခန်းများသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စက်တင်ဘာ ၁၆ ရက်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ မုံရွေးရွာအနီး စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ပြီး မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာတိုက်ပွဲနှင့်ပတ်သက်၍ အခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။