ကချင်ပြည်နယ် ၊ ဖားကန့်မြို့ပေါ်တွင် အင်တာနက်ဆိုင်မှ ပြန်လာသည့် စစ်တပ်အနွယ်ဝင် အမျိုးသားတစ်ဦး သေနတ်နှင့် အနီးကပ် ပစ်ခတ်ခံရကြောင်းသိရသည်။
ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်း ၇ ရပ်ကွက် ၊ မင်းမင်းကျော် ရေဆေးဆီထိုးဆိုင် လမ်းဆုံထောင့်ရှိ မုန့်ဆိုင်ရှေ့တွင် အင်တာနက်ဆိုင်မှ ပြန်လာသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့်လာသည့် လူငယ် ၂ဦးက သေနတ်ဖြင့် အနီးကပ် ၂ချက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“အသက်က ၅၀ ဝန်းကျင် ၊ အသားညိုညို၊ နဖူးပြောင်ပြောင်နဲ့။ နာမည်တော့မသိရသေးဘူး။ နာရေးကူညီမှုအသင်းတွေ၊ လူမှုကူညီရေးအသင်းတွေလည်း ကောက်လို့မရတော့လေ ဒီအတိုင်းပဲထားရင်းနဲ့ သူတို့စစ်ကောင်စီ အဖွဲ့တွေကနေ လာကောက်သွားတာ”ဟု ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ပစ်ခတ််ခံရသူကို နေ့ခင်း ၁၁ နာရီခွဲခန့်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ စစ်သားများ သေနတ်ပစ်ဖောက်၍ လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
ပစ်ခတ်ခံရသည့် အမျိုးသားသည် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ) တစ်ဦးဟု သတင်းထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးပေ။
“စရဖ လို့တော့ အဲ့လိုတော့ပြောနေကြတယ်။ဒါပေမယ့် စရဖ ဟုတ်မဟုတ်ကို ကျနော်တော့ မသိဘူးပေါ့နော်။သေချာတာတော့ သူကအပစ်ခံရပြီး မသေသေးဘူးပေါ့နော်”ဟု ဖားကန့်ဒေသခံ နောက်အမျိုးသားတစ်ဦးက ပြောသည်။
စစ်သားများ လာသယ်သွားပြီးနောက်ပိုင်းတွင် ယင်းအမျိုးသား သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။
ဖားကန့်ဒေသတွင် လမ်းပေါ်သွားလာရင်း ယင်းကဲ့သို့ ပစ်ခတ်မှုများ ခပ်စိပ်စိပ်ဖြစ်နေကြောင်း လည်း သိရသည်။
ဩဂုတ် ၂၂ ရက်တွင်လည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင်လည်း တစ်ရက်အတွင်း အမျိုးသား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။
