အလင်းဝင် စစ်မှုထမ်း ၁၄ ဦးစလုံး စခန်းသိမ်းတိုက်ပွဲများပါ ဆင်နွှဲနေဟုဆို

ဓာတ်ပုံ - ‌ကလေးခရိုင် ပကဖ
ပုံစာ - ကလေးခရိုင်ပကဖ ရဲဘော်များကို သင်တန်းပို့ချနေစဉ်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၁၄ ဦးစလုံး စခန်းသိမ်းတိုက်ပွဲများပါ ဆင်နွှဲနေ ကြောင်း ကလေးခရိုင်ပကဖ ထံက သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်တို့၌ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံး၊ Drone တပ်ဖွဲ့ (Wing of Kalay) ထံသို့ စစ်မှုထမ်းတပ်သား ၁၄ဦးတို့ လက်နက်ခဲယမ်းများနှင့်တကွ နှစ်သုတ်ခွဲကာ ဆက်သွယ်အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့အားလုံး စစ်ကော်မရှင်ကို ပြန်တိုက်နေကြောင်း သိရသည်။

” သူတို့သည် မတရားပေါ်တာဆွဲခံရတာဖြစ်တယ်။ စစ်ကြောင်းထဲမှာ မတရားနှိပ်စက်ခံ၊ စစ်ကြောင်း တအားထိုးခိုင်းတာတွေကို ခံပြင်းလို့ စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက်ချင်တယ်လို့ ဝန်ခံကတိတွေထိုးတယ်။ ကျနော်တို့ ယုံကြည်မှုရအောင် နေထိုင်တယ်။ ကျနော်တို့တပ်ဖွဲ့က ပေးတဲ့သင်တန်းတွေကို တက်ရောက်ပြီးတော့မှ ပြန်လည်တွန်းလှန်နေကြတာပါ။ ဒီ ၁၄ယောက်လုံးက PDF ၊ ပကဖ တွေနဲ့အတူ စခန်းသိမ်းတိုက်ပွဲတွေမှာပါ ပါဝင်နေကြပါတယ် ” ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ Drone တပ်ဖွဲ့ တာဝန်ခံ ကိုကုလားလေးက MPA ကို ပြောသည်။

ယင်းတပ်သားများသည် MA-3 အမျိုးအစားလက်နက်ငယ် ၅ လက်၊ MA-1 ၂ လက်၊ လက်ပစ်ဗုံးသီး ၉လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၄ ဖူး၊ အီနာဂါ ၃ လုံး၊ ကျည်ဘောက် ၁၅ခုနှင့် ကျည်ဆန်၁၂၀၀ တို့ ယူဆောင်လာခဲ့ရာ တစ်ဦးလျှင် ငွေကျပ် သိန်း၃၀စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

” ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို သူတို့ ( စစ်ကော်မရှင် ) က PDF ၊ ပကဖတွေက မင်းတို့ကို တွေ့ရင် သတ်ဖြတ်တာတွေလုပ်မယ်လို့ ရိုက်ထည့်ပေးထားတာ။ ဒါတွေ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့ဆီ ရောက်လာတဲ့ဒီလူငယ်တွေက လက်နက်ပါလာလို့ ဆုကြေးငွေပေးရင်တောင် တပ်ဖွဲ့တွေကို ပြန်လည်လှူဒါန်း‌တာတွေလည်း ရှိပါတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။

စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မစုဆောင်းခံရသည့် လူငယ်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အလင်းဝင်ရောက်ကြရန် ၎င်းက တိုက်တွန်းသည်။

၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း စစ်သား ၁၇၀ အလင်းဝင်ခဲ့ပြီး ၎င်းအနက် ၅၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။