ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၂၂ ရက်နေ့အထိ လေးလနီးပါးကာလအတွင်း စစ်လက်နက်အကြွင်းအကျန်များကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၃၂ ဦး ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိသွားသည့် ဒေသခံများနှင့် သေဆုံးသွားသည့် ဒေသခံများသည် ကြံခုတ်ရာမှ မြေမြုပ်မိုင်း နင်းမိကြသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ ဧပြီလ ၂၂ ရက်နေ့အထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခြင်း မရှိသေးကြောင်း အုမ္မသီးရွာခံတစ်ဦးက ပြောသည်။
“မြို့အနီးအနားတစ်ဝိုက်တွေတော့ မိုင်းရှင်းပေးတာရှိပါတယ်။ ရပ်ရွာဘက်ကိုတော့ လုပ်ပေးတာမရှိဘူး။ ကျတော်တို့ အုမ္မသီးတောင်မှ အိမ်တွေမီးရှို့ခံရတာတွေ ပြန်မဆောက်နိုင်သေးဘူး။ ရွာသားတွေလည်း ပြန်မလာကြသေးဘူး။ လာကြည့်တာတော့ရှိတယ်။ ရွာထဲမှာလည်း လက်နက်အကြွင်းအကျန်တွေ ရှိနိုင်တယ်။ အဲဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုရင် တော်တော်လေး ဂရုစိုက်ရတယ်။ ခြံရှင်းမယ်ဆိုရင်လည်း သေချာကြည့်ပေးရတယ်” ဟု ၎င်းက ပြောသည်။
စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြုပ်မိုင်းကြောင့် သေဆုံးသွားသည့် ဒေသခံများနှင့် ဒဏ်ရာရရှိသည့် ဒေသခံများသည် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ၊ ယာပြင်၊ နားရှို၊ တောင်ရှည်၊ မတ်လွတ်၊ နောင်လိပ်နှင့် အုမ္မသီးရွာတို့မှ ရွာခံများဖြစ်ကြောင်း သိရသည်။
“လူကြီးတွေကို မိုင်းရှင်းလင်းပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပါတယ်။ ဒါပေမဲ့ ဒေသခံတွေ တကယ်အသုံးပြုဖို့ လိုအပ်တဲ့နေရာတွေတော့ မရှင်းပေးဘူး။ ဒေသခံတွေရဲ့ တောင်ယာ၊ လယ်ယာတွေ၊ ကြံစိုက်ခင်းတွေကို မိုင်းရှင်းလင်းရေး မလုပ်ရသေးဘူး။ တချို့ဆိုရင် ကြံခင်းတွေကို မီးရှို့ပြီးမှ ကြံခုတ်ကြရတာ။ တချို့ဆိုရင်တော့ စိုက်ခင်းတွေကို ဒီအတိုင်း ပစ်ထားလိုက်တယ်” ဟု ညောင်တောအုပ်စုထဲမှ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ကြံစိုက်ခင်းများတွင် စစ်လက်နက်အကြွင်းအကျန်၊ လက်နက်ကြီးကျည်နှင့် မြေမြုပ်မိုင်းများ မရှင်းလင်းရသေးသည့်အတွက် ကြံစိုက်ခင်း တစ်ရာကျော်ကို စွန့်ပစ်ထားရကြောင်း ၎င်းက ဆိုသည်။
ယခုနှစ်တွင် ကြံဈေးနှုန်းကောင်းသော်လည်း စစ်လက်နက်အကြွင်းအကျန်များကြောင့် ကြံစိုက်ခင်းများကို စွန့်ပစ်ပြီး မြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နှင့် တရုတ်ပြည်ဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရကြောင်း သိရသည်။
“ဒီနှစ်တော့ ကြံဈေးကောင်းတယ်ဗျ။ ဒါပေမဲ့ ကြံခုတ်ရဲတဲ့သူ နည်းတယ်။ ကြံဈေးရပေမဲ့ ကျမတို့ရွာမှာ တိုက်ပွဲဖြစ်ခဲ့ဖူးတော့ မိုင်းတွေ ကြောက်ရတယ်။ တခြားမြို့၊ တခြားနိုင်ငံမှာ အလုပ်ထွက်လုပ်ကြရတယ်။ ကုန်ဈေးနှုန်းကလည်း တက်နေတော့ မိသားစု စားဝတ်နေရေး တော်တော်အခက်တွေ့တယ်။ ကျမသမီးတောင်မှ ဝနယ်ဘက်ကို အလုပ်သွားလုပ်နေရတာ။ ပိုက်ဆံသွားရှာရတာပေါ့။ အိမ်လည်း ပြန်ဆောက်ရဦးမယ်။ တိုက်ပွဲတုန်းက ပျက်စီးသွားတာ ဒီနေ့အထိ ပြန်မဆောက်နိုင်သေးဘူး” ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် နောင်ချိုမြို့ကို လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကော်မရှင်ထံ ပြန်လည် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
