မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်သည့် အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ မြန်မာနိုင်ငံ ရောက်ရှိ

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ- ဧပြီ၂၃တွင် မိန့်ခွန်းပြောနေသည့် သံအမတ်ကြီး

မြန်မာနိုင်ငံသည် မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်သည့် အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။

ဧပြီ၂၃ရက်က နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော အစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်းတွင် GDP ထုတ်လုပ်မှု ကျဆင်းလျက်ရှိပြီး ငွေကြေးဖောင်း ပွမှုများ မြင့်တက်လျက်ရှိကြောင်း မြန်မာ့ ဆင်းရဲမွဲတေမှုမှာ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း၅၀အထိ မြင့် တက်လာကာ လူလတ်တန်းစားများလည်း ပျောက်ကွယ်လာလျက်ရှိကြောင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၇၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို အသေးစား ငွေကြေးအဖွဲ့အစည်းများနှင့် ၎င်းတို့၏ လုပ်ငန်းများသည်လည်း ကျဆင်းလျက် ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

“အာဏာမသိမ်းခင်တုန်းက ကျနော်ကုမ္ပဏီမှာ ဝန်ထမ်း၇၀လောက်ရှိတယ်။အခုဆိုရင် ဝန်ထမ်း၁၀ ယောက်နဲ့ ကုမ္ပဏီမပြုတ်ရင်ပြီးရော လည်ပတ်နေရတဲ့ဘဝကို ရောက်သွားပြီ။ ကျနော် တစ်ယောက် တည်း ဖြစ်နေတာမဟုတ်ဘူး။ကုမ္ပဏီပါ လုံးဝပြုတ်သွားတဲ့ ကျနော့်မိတ်ဆွေ အများကြီးပဲ၊။ ဒါက တိုင်းပြည်စီးပွားရေးအခြေအနေ ဘာလဲဆိုတာကို ပြောပြနေပါတယ် ” ဟု ရန်ကုန်အခြေစိုက် အီ လက်ထရောနစ်ကုမ္ပဏီပိုင်ရှင်တစ်ဦးက MPAသို့ပြောသည်။

တစ်ဖက်တွင် တရားမဝင်စီးပွားရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်လာလျက်ရှိပြီး စစ်အာဏာရှင် အုပ်စုနှင့် ၎င်းနှင့် ဆက် နွှယ်သည့်အဖွဲ့များ၏ ပါဝင်ပတ်သက် ကာကွယ်ပေးမှုကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကောင်များ ခိုလှုံရာနေရာများ ပိုမိုတိုးပွားလာလျက်ရှိကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။

ရန်ကုန်မြို့၊လှိုင်မြို့နယ်နေ အိမ်ထောင်ရှင်မတစ်ဦးကလည်း “ တခြားမြို့တွေတော့ မသိဘူး။ရန်ကုန် မှာတော့ ကျမတို့လို လူလတ်တန်းစားတွေ ကောင်းရောင်းကောင်းဝယ်နဲ့ ရပ်တည်ရင် အဆင်ပြေတဲ့ သူတွေတောင် အကြွေးကင်းကင်းနဲ့ မငတ်ရုံတမယ်ပဲ ရမယ်။အဆင်ပြေချင်ရင်တော့ ၂လုံး(၂လုံး လောင်းကစား)ရောင်း၊ ဆေး(WYမူးယစ်ဆေး)ရောင်းပဲ”ဟု ပြောသည်။

ဆက်လက်ပြီး သံအမတ်ကြီးက စစ်အာဏာရှင်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများနှင့် တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှုခြင်းတို့သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကြောင်းပြန်ခြင်းနှင့် မတည်မငြိမ်ဖြစ်ခြင်းတို့၏ အဓိကအကြောင်းတရားများ ဖြစ်သည် ကို သိသာရှင်းလင်းစွာ တွေ့မြင်နိုင်ကြောင်း ထို့ကြောင့် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအား ထုတ်မှုများအား ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း လည်း ဆိုသည်။