အာဏာသိမ်းစစ်အုပ်စုက မီးပိုပေးမည်ဟု ပြောကြားပြီးနောက် မော်လမြိုင်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာကြောင်း သိရသည်။
အာဏာသိမ်းစစ်အုပ်စု၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂၂ ရက်၊ ညနေ ၃နာရီမှ စတင်ကာ ရန်ကုန်မြို့ကို နာရီ၂၀၊ မန္တလေးမြို့ကို ၁၈နာရီနှင့် အခြားပြည်နယ်နှင့် တိုင်း တို့ကို၁၄နာရီအထိ မီးပိုပေးမည်ဟု ကြေညာပြီးနောက် ယခင်ထက် လျှပ်စစ်မီးပြတ်တောက်မှု ပိုများနေကြောင်း ဒေသခံ အချို့ထံက သိရသည်။
“မီးပိုပေးမယ်လို့ တမင်များ ပြောနေသလားပေါ့။ဒါပေမဲ့၊အခုလို ဗရမ်းဗတာ ပြောတတ်တာ သူတို့ရဲ့ ဝသီပဲဆိုပြီး စိတ်ဖြေရတယ်။မကျေနပ်လို့ ဖေ့စ်ဘွတ်ခ်ပေါ် လျှောက်ရေးရင်လည်း ဖမ်းမှာကိုး။မီးပို ပေးမယ်လို့ ပြောပြီးမှပဲ အခု တစ်နေ့ အလွန်ဆုံးရရင် ၄နာရီပဲ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေး သမားတစ်ဦးက MPAသို့ပြောသည်။
မော်လမြိုင်မြို့တွင် နေ့ခင်းဘက်၌ လျှပ်စစ်မီးလာချိန် ၃နာရီဝန်းကျင်သာရှိပြီး ည ၁၁နာရီကျော်မှသာ မီးပြန်လာကြောင်း သိရသည်။
“အခုပြောနေတာက မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်ကိုပါ။တခြား မွန်ပြည်နယ်က မြို့နယ်တွေ ပေါင်တို့ ချောင်းဆုံတို့ ကျိုက်မရောတို့ဆို မော်လမြိုင်ထက် မီးမရတာ ပိုဆိုးတယ်”ဟု ၎င်းက ဆက် လက်ပြောသည်။
မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက်နေ အမျိုးသားတစ်ဦးကလည်း အာဏာသိမ်းစစ်အုပ်စုသည် ခေါင်း ပေါင်းစွပ်လိုက်သော်လည်း ပြောချင်ရာပြောသည့်အကျင့်ကို မဖျောက်နိုင်ကြောင်း သက်သေပြလိုက် ခြင်းဖြစ်သည်ဟု ဆိုသည်။
လျှပ်စစ်မီးပိုပေးတော့မည်ဆိုသည့်သတင်းကို မီးမလာသဖြင့် ချွေးတလုံးလုံးဖြင့် ရှဲလိုက်ရကြောင်း ဒေသတွင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက မော်လမြိုင်ဖေ့စ်ဘွတ်ခ်ဂရုဖ်တွင် ဖော်ပြထားသည်။
