ထိုင်း ဆောင်ခရန်ပွဲတော်လာသည့် တရုတ်တက္ကသိုလ်ကျောင်းသူ မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းထံ လူကုန်ကူးခံရဟုဆို

ပုံစာ - တရုတ်မီဒီယာများတွင် ဖော်ပြထားသည့် လူကုန်ကူးခံထားရသော တရုတ်မိန်းကလေး

တရုတ်နိုင်ငံ၊ ကွမ်တုံးပြည်နယ်မှ ထိုင်းနိုင်ငံဆောင်ခရွန် သင်္ကြန်ပွဲတော် (Songkran) ဆင်နွှဲရန် ခရီးထွက်လာသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ငွေလိမ်ဂိုဏ်းတစ်ခုက မြန်မာနိုင်ငံသို့ လူကုန်ကူးသွားကြောင်း တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ မိန်းကလေး၏မိသားစုက ပြန်ပေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ခန့်ကို Stablecoins ဖြင့် ပေးခဲ့သော်လည်း အဆိုပါဂိုဏ်းက အကြောင်းပြချက်အမျိုးမျိုးပေးကာ ထိန်းသိမ်းထားဆဲဖြစ်သဖြင့် ထိုအမျိုးသမီးမှာ ယနေ့ထက်တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

“ရှောင်ယန် ဟုသာ အမည်ဖော်ပြထားသည့် အဆိုပါကျောင်းသူသည် ကွမ်တုံးပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင် ပထမနှစ် တက်ရောက်နေသူဖြစ်သည်။

သူမသည် ဧပြီလ ၁၀ ရက်နေ့တွင် ကွမ်ကျိုး ဘိုင်ယန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ခရီးတိုအလည်အပတ်သွားရောက်ရန် ရည်ရွယ်ထားပြီး ဧပြီလ ၁၅ ရက်နေ့တွင် အိမ်ပြန်ရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း သူမအား ဖိတ်ခေါ်ခဲ့သည့် သူငယ်ချင်းဖြစ်သူနှင့် ဆုံတွေ့နိုင်ခြင်းမရှိဘဲ သူစိမ်းတစ်ဦး၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

နှစ်ရက်အကြာတွင် သူမကို မြန်မာနယ်စပ်အနီးရှိ ဘုရားသုံးဆူ (Three Pagodas Pass) ဧရိယာသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာတွင် ငွေလိမ်ဂိုဏ်းတစ်ခုထံ ရောင်းချခြင်းခံခဲ့ရသည်ဟု သံသယရှိကြောင်း Sin Chew Daily သတင်းစာက ဖော်ပြသည်။

ရှောင်ယန်၏ အခြားသူငယ်ချင်းတစ်ဦးက ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိပြီးနောက် သူမပျောက်ဆုံးနေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါသူငယ်ချင်းက ရှောင်ယန်၏ဖခင်ထံ ဆက်သွယ်ခဲ့ရာ ဖခင်ဖြစ်သူက သမီးဖြစ်သူထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်။

ဧပြီလ ၁၃ ရက်နေ့တွင် “စေတနာရှင် အစ်ကိုကြီး” ဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုသူတစ်ဦးက ရှောင်ယန်၏ဖခင်ထံ ဆက်သွယ်လာပြီး သမီးဖြစ်သူကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ခန့် တန်ဖိုးရှိသည့် Stablecoins ၂၉,၀၀၀ ဖြင့် “ဝယ်ယူ” ထားကြောင်း ပြောကြားခဲ့သည်။

၎င်းက မိသားစုထံမှ ဒေါ်လာ ၃၀,၀၀၀ တောင်းခံခဲ့ပြီး အကယ်၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားပါက ရှောင်ယန်ကို အခြားသူထံ ထပ်ဆင့်ရောင်းချခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းများ လုပ်ဆောင်မည်ဟု သတိပေးခဲ့သည်။

ထို့ကြောင့် ဖခင်ဖြစ်သူက ငွေရှာဖွေကာ ထိုနေ့နှောင်းပိုင်းမှာပင် ဒေါ်လာ ၃၀,၀၀၀ ခန့်ကို လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း ငွေပေးပြီးလျှင် ပြန်လွှတ်ပေးမည်ဟု ကတိပေးထားသော်လည်း အမျိုးသမီးအား ပြန်လွှတ်ပေးမည့်အချိန်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သည်။

အဆိုပါပုဂ္ဂိုလ်က ဆောင်ခရန်သင်္ကြန်ပွဲတော်ကြောင့် လမ်းများပိတ်ထားခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂၂ ရက်နေ့အထိ သိရသော သတင်းများအရ ပြန်ပေးငွေ ပေးဆောင်ပြီးဖြစ်သော်လည်း ရှောင်ယန်မှာ သူမအား ထိန်းသိမ်းထားသည့် စခန်း အတွင်းမှ ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း ဆက်သွယ်လာသူက မိသားစုကို ပြောကြားခဲ့သည်။

Sin Chew Daily ၏ အဆိုအရ ရှောင်ယန်သည် သူမ၏မိသားစုနှင့် ဖုန်းဖြင့် ဆက်သွယ်မှု ရှိနေဆဲဖြစ်သော်လည်း သူမ၏ အမှန်တကယ် အခြေအနေမှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

၎င်း၏မိသားစုသည် ဧပြီလ ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ တက္ကသိုလ်ဘက်ကလည်း ကူညီဆောင်ရွက်ပေးရန် ကွမ်တုံးပြည်နယ် ပြည်သူ့လုံခြုံရေးဌာနနှင့် ပညာရေးအာဏာပိုင်များထံ အကူအညီ တောင်းခံထားကြောင်း သိရသည်။