မြန်မာနိုင်ငံ အမှန်တကယ် တည်ငြိမ်မှုရရှိရေးအတွက် ဒီမိုကရေစီရေးလှုပ်ရှားမှုများကို အာဆီယံအနေနှင့် ထောက်ပံ့ကူညီရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma)က တိုက် တွန်းလိုက်သည်။
အာဆီယံဘုံသဘောတူညီချက်၅ရပ် ထုတ်ပြန်မှု ၅နှစ်ပြည့်ဖြစ်သောယနေ့(ဧပြီ၂၄ရက်)တွင် လူ့အခွင့် အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ကထုတ်ပြန်လိုက်သော “လူ့အခွင့်အရေးအခြေ ပြု ပြုပြင်ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅ချက်ကို ၅နှစ်အကြာတွင် ပြန်လည်သုံးသပ် ခြင်း” အကျဉ်းချုပ်စာတမ်း၌ အထက်ပါအတိုင်း ဖော်ပြထားသလို တည်ငြိမ်မှုရရှိစေရေးအတွက် ဒီမို ကရေစီရေးလှုပ်ရှားသူများ၏ လိုအပ်ချက်များကို နားထောင်ခြင်းနှင့် စစ်မှန်သည့် နိုင်ငံရေးအရ ပါဝင် မှုကို ခွင့်ပြု၍ ပြည်သူလူထုကို ကာကွယ်ပေးနိုင်သည့် အခြေအနေများ ချမှတ်ဆောင်ရွက်နိုင်ရမည် ဟုလည်း ဆိုသည်။
အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့က ဘုံသဘောတူချက် ၅ ရပ်ကို မည်သည့်အချိန်တွင်မျှ လိုက်နာခြင်းမရှိသည့် ပကတိ အမှန်တရားအား လက်ခံရမည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma)က ဆိုသည်။
“တစ်ခွန်းတည်းချုပ်ပြောရရင် မူ၅ရပ်(အာဆီယံဘုံသဘောတူညီချက်၅ရပ်)ဆိုတာ ဒီနေ့မွေးပြီး မနက်ဖြန်သေသွားတာပါ။ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်က မူ၅ရပ်ကို ၂၀၂၁ဧပြီ၂၄ ညနေပိုင်းမှာ လက်မှတ်ထိုးပြီးတော့ နောက်ရက်ကနေစပြီး ဒီနေ့အထိ အကြမ်းဖက်မှုတွေ ကမ်းကုန်အောင် ပြုလုပ်နေလို့ပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် အာဆီယံအနေဖြင့် အရေးပေါ် အရေးယူဆောင်ရွက်မှုများနှင့် အာရုံစိုက်မှုများဆောင်ရွက်ရန် အလွန်နောက်ကျနေပြီ ဖြစ်ကြောင်း လည်ဆိုသည်။
ဘုံသဘောတူချက် ၅ရပ်တွင် “အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အင်အားစုအားလုံး ပါဝင်သော ဆွေး နွေးပွဲများ ပြုလုပ်ရေး၊ အထူးကိုယ်စားလှယ်မှတစ်ဆင့် ညှိနှိုင်းခြင်းနှင့် လူသားချင်းစာနာ ထောက် ထားမှု အကူအညီများကို ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်ပေးရေးတို့ ပါဝင်ပြီး ဘုံသဘောတူချက် ချမှတ်အပြီး ၅နှစ်အကြာတွင်လည်း အရပ်ဖက်အဖွဲ့များက စစ်အာဏာရှင်တို့အား မည်သည့်တရား ဝင်မှုမျှ မပေးအပ်ရန် ဆက်လက် တောင်းဆိုနေကြောင်း စစ်အာဏာရှင်တို့သည် ၎င်းတို့၏ ကျူးလွန် မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှုမှ ဆက်လက် လွတ်ကင်းနေဆဲဖြစ်ပြီး နိုင်ငံတကာ၏ တုံ့ပြန်မှု မလုံလောက်ခြင်းက စစ်အာဏာရှင်တို့ ပြည်သူများအပေါ် ဆက်လက် လူ့အခွင့်အရေး ချိုးဖောက်ရန် လှုံ့ဆော်ပေးခြင်းနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် သံသရာကို ဖြစ်ပေါ်စေကြောင်း ထို့ကြောင့် အာဆီယံက နည်းလမ်းအသစ်တစ်ရပ်ကို အရေး ပေါ် ချမှတ် ဆောင်ရွက်ရန် လိုအပ်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။
အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့ ကျူးလွန်နေသည့် စစ်ရာ ဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများအတွက် ၎င်းတို့အား တာဝန်ခံစေ၍ တရားမျှတမှု ဆောင်ကြဥ်းပေးရန်နှင့် နိုင်ငံတကာဥပဒေအောက်တွင် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုကို ဦးစားပေးဆောင်ရွက်ရန် လည်းတောင်းဆိုထားသည်။
ထို့အပြင်အာဆီယံအနေဖြင့် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်တို့က ပြည်သူလူထု အပေါ် ဆက်လက် ကျူးလွန်နေသော တိုက်ခိုက်မှုများ ရပ်တန့်စေရေး ဖိအားပိုမိုပေးရမည် ဖြစ် ကြောင်းနှင့်တစ်ချိန်တည်းတွင်ပင် ထိခိုက်လွယ်သူများကို ထောက်ပံ့ကူညီနေသော ဒေသခံ အရပ်ဖက်အဖွဲ့များမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိ နိုင်မှုကို လည်း ချဲ့ထွင်ရမည်ဖြစ်ကြောင်း ဆိုသည်။
ဘုံသဘောတူချက် ၅ ချက်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့်ပေးရန်လည်း တောင်းဆိုသည်။
မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို ၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက်တွင် အာဆီယံခေါင်း ဆောင်များက ချမှတ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်အောင်လှိုင်က သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း မည်သည့်အခါမှ လိုက်နာခဲ့ခြင်းမရှိပေ။
