ထိုင်းတွင် ဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသား နှစ်ဦးကို မြန်မာနိုင်ငံရှိ ခရစ်ပတို ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ အမေရိကန် တရားစွဲ

ဓာတ်ပုံ - Reuters
ပုံစာ - ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခု၏ ခြံဝင်းအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ခရစ်ပတို (Cryptocurrency) ဖြင့် ငွေလိမ်လည်နေသည့် အဓိက ငွေလိမ်စခန်းတစ်ခုကို ဦးစီးနေသူ တရုတ်နိုင်ငံသား နှစ်ဦးကို တရားစွဲဆိုထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရှေ့နေချုပ် ဂျီနင်း ဖဲရစ် ပီရို က အမေရိကန်အနေဖြင့် ဆိုက်ဘာရာဇဝတ်မှုများကို ဆက်လက် နှိမ်နင်းသွားမည်ဟု ယင်းနေ့က ပြုလုပ်ခဲသည့် သတင်းစာရှင်းလင်းပွဲတွင် သတိပေးလိုက်သည်။

ဟွမ်ရှင်းရှန်း နှင့် ကျန်းဝမ်ကျဲ တို့သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် Shunda Park ဟု လူသိများသည့် စခန်းတစ်ခုတွင် ငွေလိမ်ဂိုဏ်းလုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ်ခဲ့ကြသည်။

အဆိုပါစခန်းတွင် လူကုန်ကူးခံထားရသည့် အလုပ်သမားများကို “Pig-butchering” (ဝက်သတ်ခြင်း) ဟု ခေါ်ဆိုသည့် ငွေလိမ်နည်းလမ်းများကို အဓမ္မ ခိုင်းစေခဲ့သည်။

ယင်းနည်းလမ်းမှာ သားကောင်ဖြစ်မည့်သူများနှင့် အွန်လိုင်းတွင် ရင်းနှီးမှုတည်ဆောက်ပြီးနောက် ငွေကြေးအမြောက်အမြား ဆုံးရှုံးစေမည့် အတုအယောင် ခရစ်ပတို ရင်းနှီးမြှုပ်နှံမှုများဆီသို့ လမ်းကြောင်းပေး လိမ်လည်ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဒီဝက်ဘ်ဆိုက်တွေကို သိမ်းဆည်းလိုက်ပြီ၊ ကျန်တဲ့သူတွေကိုလည်း ဆက်ပြီး ဖမ်းဆီးသွားမှာပါ” ဟု ပီရိုက သတင်းထုတ်ပြန်ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒီရာဇဝတ်သားတွေက သူတို့ဟာ ပြည်ပမှာရှိနေလို့ သူတို့ကို ဘယ်သူမှ မထိနိုင်ဘူးလို့ ထင်နေကြတာ။ ဒီနေ့မှာတော့ သူတို့ထင်တာ မှားနေကြောင်း ကျွန်မတို့ သက်သေပြလိုက်ပြီ၊ ဒါဟာ စတင်ရုံပဲ ရှိပါသေးတယ်။”

ယခု တရားစွဲဆိုမှုမှာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေသည့် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသော ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် တရားရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသည့် “ငွေလိမ်စခန်း နှိမ်နင်းရေး အထူးတပ်ဖွဲ့” (Scam Center Strike Force) ၏ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ယင်းကဲ့သို့သော လုပ်ငန်းများသည် လူကုန်ကူးမှုကွန်ရက်များကို အဓိကအားထားလေ့ရှိပြီး၊ အလုပ်သမားများကို ပြည်ပတွင် အလုပ်ကောင်းရမည်ဟု မက်လုံးပေးဖြားယောင်းကာ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်၍ ငွေလိမ်လည်မှုများပြုလုပ်ရန် အဓမ္မခိုင်းစေလေ့ရှိသည်။

ယခုနောက်ဆုံး ဆောင်ရွက်ချက်တွင် အလုပ်အကိုင် အတုအယောင်များဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သမားများကို စုဆောင်းရာ၌ အသုံးပြုသည့် Telegram ချန်နယ်တစ်ခုကို “ပထမဦးဆုံးအကြိမ်” အဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အမေရိကန် အာဏာပိုင်များက အဆိုပါ လိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ ခရစ်ပတိုငွေကြေးများကို ထိန်းချုပ်လိုက်ပြီး လိမ်လည်သည့် ဝက်ဘ်ဆိုက်ပေါင်း ၅၀၀ ကျော်ကိုလည်း ပိတ်ပစ်ခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦဂကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ထိုင်းအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ ထိန်းသိမ်းထားဆဲဖြစ်သည်။
ယင်းအမှုကို FBI ၏ နယူးယောက်ရုံးခွဲက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ဘန်ကောက်မြို့ရှိ FBI ဥပဒေရေးရာအရာရှိနှင့် ထိုင်းအာဏာပိုင်များက ကူညီဆောင်ရွက်ပေးနေသည်။

“ကျွန်မတို့မှာ ထိုင်းနိုင်ငံနဲ့ ခိုင်မာတဲ့ တရားခံလွှဲပြောင်းရေး စာချုပ်ရှိပါတယ်၊ ဒါကြောင့် ဒီလူတွေကို အမေရိကန်ပြည်ထောင်စုဆီ ခေါ်ဆောင်ပြီး ဒီမှာပဲ တရားစွဲဆိုနိုင်ဖို့ ရနိုင်တဲ့ နည်းလမ်းအားလုံးကို ကျွန်မတို့ ဆက်ပြီး ကြိုးပမ်းသွားမှာပါ” ဟု ပီရိုက ပြောကြား သည်။

အမေရိကန်သည် ပြီးခဲ့သည့် အောက်တိုဘာလက တရုတ်နိုင်ငံဖွား ချန်ကျိ ကို နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်းနှင့် ရာဇဝတ်ကွန်ရက်ကြီးတစ်ခုအား ဦးဆောင်သူအဖြစ် ဖက်ဒရယ်တရားရုံးတွင် စွဲချက်တင်ခဲ့သည်။

ချန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်စပ်ကုမ္ပဏီများသည် ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များထံမှ ငွေကြေးများကို ခိုးယူကာ ဒေါ်လာဘီလီယံပေါင်းများစွာကို ငွေခဝါချပေးနေသည့် ငွေလိမ်စခန်းများကို လည်ပတ်နေကြောင်း အဆိုပါ စွဲချက်တွင် ဖော်ပြထားသည်။

ထိုစဉ်က အမေရိကန်က ချန်သည် လွတ်မြောက်နေဆဲဖြစ်သော်လည်း လိုက်လံရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ချန်ကို ကမ္ဘောဒီးယား၌ ဖမ်းဆီးရမိခဲ့သော်လည်း ၎င်းအား အမေရိကန်သို့ လွှဲပြောင်းပေးမည့်အစား တရုတ်နိုင်ငံသို့သာ လွှဲပြောင်းပေးခဲ့သည်။ ချန်က စွပ်စွဲချက်များကို ငြင်းဆိုထားသည်။