ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် (MNDAA) တပ် ထိန်းချုပ်ထားသည့် သိန္နီမြို့၌ တရုတ်လုပ်ငန်းရှင်များ ဆက်တိုက်ဝင်ရောက်လာနေပြီး မြေကွက်ပိုင်ရှင်နှင့် လယ်ယာမြေပိုင်ရှင်အချို့ကို ဖိအားပေးကာ ရောင်းခိုင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
တရုတ်လုပ်ငန်းရှင်များသည် သိန္နီမြို့ဘက်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး မြို့နှင့် အနီးစပ်ဆုံးနေရာများနှင့် လမ်းမကြီးကို အဓိကထားကာ မြေဝယ်ယူနေကြောင်း သိရသည်။
“သိန္နီမြို့က အပေါ်ယံကြည့်လိုက်ရင်တော့ အရင်ထက် သုံးဆလောက်ကို တိုးတက်လာတယ်။ ဟိုတယ်တွေ၊ စက်ရုံတွေ။ ဒါပေမဲ့ သေချာပြန်ကြည့်ရင် ဒီလုပ်ငန်းတွေက ဘယ်သူလုပ်တာလဲဆိုတော့ တရုတ်လုပ်ငန်းရှင်တွေက များတယ်။ တရုတ်လူမျိုးက ပိုများလာတယ်။ ပြီးတော့ တရုတ်ငွေ အသုံးပြုလာတာ များလာတယ်။ အရင်က ငွေလဲချင်ရင် ကွမ်းလုံအထိသွားလဲရတယ်။ အခုတော့ ကြိုက်တဲ့နေရာမှာ လဲလို့ရတယ်။ ကုန်ပစ္စည်းတွေက တရုတ်ငွေဈေးနှုန်းအတိုင်းပဲဆိုတော့ အဆင်မပြေတော့ဘူး” ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
ထို့ပြင် သိန္နီမြို့ရှိ ဆိုင်အများအပြားတွင် ဆိုင်းဘုတ်များကို တရုတ်ဘာသာစကားဖြင့် အသုံးပြုလာကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်လုပ်ငန်းရှင်များသည် မြေကွက်များကို ဝယ်ယူနေပြီး အဆင့်မြင့်ဟိုတယ်၊ တည်းခိုခန်းနှင့် အဆောက်အအုံအသစ်များ ဆောက်လုပ်နေသလို၊ မြေကွက်အချို့တွင်လည်း တစ်သျှူးငှက်ပျောနှင့် ကြံများကို စိုက်ပျိုးနေကြောင်း သိရပါသည်။
“တရုတ်တွေက မြေကွက်တင် ဝယ်တာမဟုတ်ဘူး။ လမ်းဘေးမှာရှိတဲ့ လယ်မြေတွေလည်း ဝယ်တယ်။ ပြီးတော့ သူတို့ (တရုတ်လုပ်ငန်းရှင်) လယ်ယာမြေရဲ့ အကျယ်အဝန်းကိုကြည့်ပြီး သိန်းပေါင်း ထောင်ဂဏန်းအထိ ပေးဝယ်တယ်လို့ ပြောတယ်။ တရုတ်တွေက စီမံကိန်းတစ်ခု လာလုပ်တယ်လို့ ပြောတယ်။ ဘာစီမံကိန်းမှန်းကိုတော့ မသိဘူး။ ဒီအတိုင်းပဲ ပတ်ဝန်းကျင်က ပြောတာကြားတယ်။ တချို့ကိစ္စတွေက မေးလို့ အဆင်မပြေဘူး။ အခုဆိုရင် မြို့ထဲက ဆိုင်တော်တော်များများက တရုတ်စာတွေနဲ့ဆိုတော့ ဘာသဘောလဲဆိုတာ သိမှာပါ” ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။
သိန္နီမြို့ရှိ ဒေသခံများသည် စပါးနှင့် ကြံလုပ်ငန်းကိုသာ အဓိကထားပြီး လုပ်ကိုင်စားသောက်နေကြရာ တရုတ်လုပ်ငန်းရှင်များ ဆက်တိုက် ဝင်ရောက်လာသည့်အပေါ် မိမိတို့၏ မူလစီးပွားရေးလုပ်ငန်းများ ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
“မြေကွက်တွေ၊ လယ်ကွက်တွေကို တရုတ်တွေဆီ ရောင်းပေးရတာဆိုတာ မှန်ပါတယ်။ တချို့က မဖြစ်မနေ ရောင်းရတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကြားသိသလောက်တော့ မြေကွက်တွေ ရောင်းချင်တဲ့သူတွေလည်း ဈေးကောင်းရတဲ့အချိန်ဆိုတော့ ရောင်းမှာပဲ။ ဘာလို့လဲဆိုတော့ တရုတ်လုပ်ငန်းရှင်တွေက သိန်းသုံးရာ၊ ငါးရာအထိ ပေးတယ်လေ။ ကြည့်ရတာတော့ သိန္နီလည်း တရုတ်မြို့တော် ဖြစ်တော့မယ် ထင်ပါတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။
သိန္နီမြို့သည် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကိုးကန့် (MNDAA) တပ်နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ကိုးကန့်တပ်၏ အထူးဒေသ (၁) အတွင်း ထည့်သွင်းထားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။
