တောင်တရုတ်ပင်လယ်ပြင်၌ အမေရိကန်နှင့် ဖိလစ်ပိုင်တို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် တရုတ်စစ်တပ်ကလည်း ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းအရှေ့ဘက် ရေပြင်၌ ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှုများ အပါအဝင် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
အမေရိကန်၊ ဖိလစ်ပိုင်နှင့် မဟာမိတ်နိုင်ငံများမှ တပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော်သည် “Balikatan” အမည်ပေးထားသည့် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများကို ယခုသီတင်းပတ်တွင် စတင်ခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံမှ တိုက်ခိုက်ရေးတပ်ဖွဲ့များသည်လည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့သည်။
တရုတ်စစ်တပ်၏ တောင်ပိုင်းစစ်ဌာနချုပ် (STC) က ၎င်းတို့၏ ရေတပ်လုပ်ငန်းအဖွဲ့ ၁၀၇ (Naval Task Group 107) သည် ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ရန်အတွက် ကျည်စစ်သုံး ပစ်ခတ်မှု၊ ရေပြင်နှင့်ဝေဟင် ညှိနှိုင်းဆောင်ရွက်မှု၊ လျင်မြန်သော စစ်ကစားမှုများနှင့် ပင်လယ်ပြင်အတွင်း ရိက္ခာဖြည့်တင်းမှုများကို အဓိကထား လုပ်ဆောင်ခဲ့ကြောင်း ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ချက်သည်။
တရုတ်စစ်တပ်သည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့် အချိန် သို့မဟုတ် တိကျသည့် တည်နေရာ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း၊ ယခုလေ့ကျင့်မှုများသည် လက်ရှိဒေသတွင်း အခြေအနေအပေါ် တုံ့ပြန်သည့် “လိုအပ်သော လုပ်ဆောင်ချက်” ဖြစ်ပြီး နိုင်ငံတကာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အပြည့်အဝ ကိုက်ညီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ လုံခြုံရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ကာကွယ်ဖို့အတွက် လုံခြုံရေးအခြေအနေ လိုအပ်ချက်ပေါ် မူတည်ပြီး STC တပ်ဖွဲ့တွေဟာ သက်ဆိုင်ရာ စစ်ရေးလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်က ၎င်း၏ မဟာမိတ်များနှင့်အတူ ကာကွယ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းအပေါ် ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေနိုင်သည်ဟုဆိုကာ ထပ်တလဲလဲ ဝေဖန်ခဲ့သည်။
ဧပြီလ ၂၀ ရက်မှ မေလ ၈ ရက်နေ့အထိ ပြုလုပ်သည့် “Balikatan” စစ်ရေးလေ့ကျင့်မှုများတွင် လူဇုန်ကျွန်းရှိ လေ့ကျင့်ခန်းများလည်း ပါဝင်သည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တရုတ်က ၎င်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားသော ထိုင်ဝမ်နှင့် ၁၅၅ ကီလိုမီတာခန့်သာ ဝေးကွာသည့် ဖိလစ်ပိုင်၏ မြောက်ဘက်အကျဆုံး အစ်ဘာယတ်ကျွန်း တွင် ပထမဆုံးအကြိမ်အဖြစ် ရေကြောင်းတိုက်ခိုက်မှု လေ့ကျင့်ခန်းများကို ပြုလုပ်သွားမည်ဖြစ်သည်။
ဧပြီ ၂၄ ရက်နေ့က ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီချန် က တရုတ်၏ ရေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် နည်းပညာ ဆန်းသစ်တီထွင်မှုများကို အားကောင်းအောင် လုပ်ဆောင်ရန်နှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် မဟာဗျူဟာမြောက် လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းခဲ့သည်။
