အယောင်ဆောင် အသွင်ပြောင်းထားသည့် သမ္မတတုမင်းအောင်လှိုင်လက်ထက်တွင်လည်း စိုးရိမ်ပူ ပင်နေရသည့် သောကများမှာ နေ့စဉ်မပျက် ဒီတက်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့နေပြည်သူများက ပြောသည်။
မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းလိုက်ပြီးနောက် စိုးရိမ်ပူပင်နေရမှုများ လျော့ ပါးသွားခြင်းရှိ၊မရှိ ရန်ကုန်မြို့နေ လူလတ်တန်းစားအဆင့် ပြည်သူ၁၀ဦးအား MPAက မေးမြန်းခဲ့ရာ ၎င်းတိ့က အထက်ပါအတိုင်း တညီတညွတ်တည်း ဖြေကြားကြသည်။
“ဘာမှမထူးပါဘူး။မနက်မိုးလင်းဈေးသွားရင် ကုန်ဈေးနှုန်းတက်နေတာချည်းပဲဆိုတော့ တထိတ် ထိတ်နဲ့ ဈေးသွားရတယ်။မအလ သမ္မတအယောင်ဆောင်လိုက်မှပဲ ဆီဈေး(စက်သုံးဆီ)ပြဿနာ တက်ပြီး ကုန်ဈေးနှုန်းတွေပါ ထိုးတက်သွားတယ်”ဟု လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အိမ်ရှင်မတစ်ဦး က MPAသို့ပြောသည်။
မင်းအောင်လှိုင် သမ္မတတုဖြစ်လာချိန်တွင် လူမှုဘဝတစ်စုံတစ်ရာ အဆင်ပြေလိမ့်မည်ဟု လုံးဝမမျှော် လင့်ထားကြောင်းလည်း ၁၀ဦးစလုံးက ဆိုသည်။
“ကျနော်တို့က ထပ်ဆိုးမယ်လို့ပဲ တွက်ထားတာဆိုတော့ သိပ်ပြီးတော့လည်း ခံစားမနေဘူး”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
သမ္မတုမင်းအောင်လှိုင်က ခေါင်းပေါင်းစွပ်လိုက်သော်လည်း အလုပ်သွား၊အလုပ်ပြန်အချိန်တိုင်း လုယက်ခံရမည့်အရေးနှင့် ပေါ်တာဆွဲခံရမည့်အရေးတို့ကို စိုးရိမ်နေရကြောင်း လှိုင်သာယာ၊မီးခွက် ဈေးအနီးနေ အသက်၄၀အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
“ကျမတို့ငယ်ငယ်တုန်းက ရက်၂၀ကျော်ပြီဆို မိဘတွေက ပိုက်ဆံကို ချွေတာသုံးနေကြတာ သတိရမိ တယ်။အခု အဲဒါထက်ပိုဆိုးနေတယ်။ရက်၂၀ကျော်ရင် မရှက်နိုင်တော့ဘူး။ကုမ္ပဏီသွားလည်း အသီး အရွက်တွေပဲ ထည့်နိုင်တော့တယ်”ဟု တောင်ဥက္ကလာပ၊၇ဆူဘုရားအနီးနေ ကုမ္ပဏီဝန်ထမ်း အမျိုး သမီးတစ်ဦးက ဆိုသည်။
ထို့ပြင် လကုန်ရက်နီးသည့်အခါတိုင်း အလုပ်ဖြုတ်ခံရမည်လားဆိုသည့် စိုးရိမ်ပူပင်မှုမျိုး ကုမ္ပဏီဝန် ထမ်းများတွင် ရှိနေကြောင်းလည်း ဆိုသည်။
“အလုပ်ပြုတ်မလားပေါ့။အလုပ်မပြုတ်တောင် လစာ ထပ်လျှော့ဦးမလားဆိုပြီး ပူရတယ်။ကုမ္ပဏီ တွေလည်း အခြေအနေမှမကောင်းတာ၊ ဝိတ်လျှော့ပြီးရင်း လျှော့နေရတယ်။ဒီအလုပ်မှပြုတ်ရင် နောက်အလုပ်ရဖို့ဆိုတာ မလွယ်တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမှု၊ အလုပ်လက်မဲ့ဖြစ်နိုင်ခြေ၊ မလုံခြုံမှုနှင့် ပေါ်တာဆွဲခံ ရမည့်အရေးကို အမြဲမပျက် ရင်ဆိုင်နေရကြောင်း သိရသည်။
ဧပြီဒုတိယပတ်အတွင်း သမ္မတတုမင်းအောင်လှိုင် ဦးဆောင်ကာ တရားမဝင်အစိုးရ ဖွဲ့စည်းခဲ့သည်။
