အတုအယောင် လျှပ်စစ်ဝန်ကြီးက လျှပ်စစ်မီး ပိုပေးမည်ဟု ပြောကြားပြီးနောက် လျှပ်စစ်မီး ပိုမိုပျက်လာသည့်အပြင်၊ ယနေ့ညပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပါ မီးပြတ်တောက်သွားကြောင်း YESC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ည ၈ နာရီကျော်ခန့်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်ပြီး၊ မီးပြန်လည်ရရှိအောင် ကြိုးစားနေသည်ဟု YESC က ထုတ်ပြန်သည်။
“တစ်နိုင်ငံလုံး System breakdown ဖြစ်ပေါ်လျက်ရှိနေပြီး လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိနေပါသည်။” ဟု YESC က ထုတ်ပြန်ထားသည်။
ယင်းသို့ System Breakdown မဖြစ်ခင်ကလည်း ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး၌ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုများ ဖြစ်ပေါ်နေခဲ့သည်ဟု သိရသည်။
“Break မ down ခင်ကလည်း ပျက်တာပဲ။ တစ်နာရီလာ၊ သုံးနာရီလောက် ပျက် ဖြစ်နေတာ။ ထမင်းအိုးတောင် မကျက်ဘူး။ ဘယ်အချိန် တည်ရမှန်းလည်း တွက်မရဘူး” ဟု သာကေတမြို့နယ်နေ ပြည်သူတစ်ဦးက ပြောကြားသည်။
အထူးသဖြင့် အတုအယောင် လျှပ်စစ်ဝန်ကြီးက မီးပိုပေးမည်ဟု ပြောကြားပြီးနောက်ပိုင်းတွင် လျှပ်စစ်မီး ပိုမိုပျက်လာသည်ဟု သိရသည်။
ယင်းကြောင့် နွေရာသီ အပူဒဏ်ပြင်းထန်နေချိန်တွင် ပြည်သူများမှာ ပန်ကာဖွင့်၍နေရန်ပင် မရတော့သဖြင့် ဒုက္ခများ ကြုံတွေ့နေရသည်ဟု သိရသည်။
“မီးပိုပေးမယ် ပြောပြီးကတည်းက ပျက်လိုက်တာဆိုတာ ပန်ကာဖွင့်အိပ်ဖို့တောင် မီးမလာလို့ မအိပ်ရဘူး။ ရာသီဥတုကပူ၊ တိုက်ခန်းကျဉ်းလေးထဲ ဘာမှလုပ်မရ၊ စိတ်ပျက်ဖို့ကောင်းပါတယ်ဗျာ” ဟု ရန်ကုန်မြို့ အထပ်မြင့်တိုက်ခန်းတစ်ခု၌ နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။
အတုအယောင် လျှပ်စစ်ဝန်ကြီးက ဧပြီ ၂၂ ရက်မှစ၍ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး၌ လျှပ်စစ်မီး ပိုပေးမည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ လိမ်ညာရာတွင် LNG ဖြင့် ပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် သီးသန့်ဓာတ်အားလိုင်းမှတစ်ဆင့် ဓာတ်အားဖြတ်တောက်မှုမရှိဘဲ စက်မှုဇုန်များ၊ လုပ်ငန်းကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများနှင့် ပူပြင်းသည့် ယခုကာလများတွင် အများပြည်သူ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲခွင့်ရရှိနိုင်ရန် ရရှိနိုင်သည့် စွမ်းအင်အရင်းအမြစ်များကို စနစ်တကျ စစ်ထုတ်သုံးစွဲပြီး Power Generation ကို စီမံဆောင်ရွက်သွားမည်ဟု ဆိုခြင်းဖြစ်သည်။
သို့သော် ပကတိအမှန်တရားတွင်မူ ဧပြီ ၂၂ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပိုမိုပျက်လာခဲ့ပြီး၊ ယနေ့ညတွင် တစ်နိုင်ငံလုံးပါ မီးပြတ်တောက်သွားခြင်း ဖြစ်သည်။
