ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ ဆေးခြောက်များ တင်ဆောင်လာသည့် မော်တော်ဘုတ် နှစ်စင်းကို အာရက္ခတပ်တော် (AA) ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ရက်၊ နေ့လယ်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မော်တော်ဘုတ်ပျက်ပြီး ကျောက်ချရပ်နားထားတဲ့အချိန်မှာ ဖမ်းဆီးရမိတာလို့ သိရတယ်။ ဆေးခြောက်ထုပ်တွေနဲ့ ဆေးဝါးတွေ မော်တော်ဘုတ် နှစ်စင်းနဲ့ လူ ၁၁ ယောက်ပါတယ်လို့ သိရတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
အာရက္ခတပ်တော် (AA) ၏ ကမ်းခြေစောင့်တပ်က ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးထဲတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေသည်ကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မော်တော်ဘုတ် နှစ်စင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မည်သည့်နေရာက ထွက်ခွာလာသည်ကို မသိရသော်လည်း ယင်းမော်တော်ဘုတ် နှစ်စင်းသည် စစ်ကော်မရှင် (Military Commission) ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့သို့ သွားခြင်းဖြစ်သည်ဟု သိရကြောင်း နောက်ထပ် မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မြေပြင်သတင်းအရတော့ အဲဒီမော်တော်ဘုတ် နှစ်စင်းက စစ်တွေကို သွားတာလို့ သိရတယ်။ အဲဒီမော်တော်ဘုတ်မှာ သန္ဓေတားဆေးတွေနဲ့ ဆေးခြောက်တွေလည်း အများကြီးပါတယ်လို့ ပြောတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ဧပြီလ ၂၄ ရက်နေ့၊ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးပါ မော်တော်ဘုတ်တစ်စင်းကို ပထမဆုံး ဖမ်းဆီးပြီးနောက်၊ နေ့လယ် ၂ နာရီခန့်တွင် အမျိုးသား ၄ ဦးပါ နောက်ထပ်မော်တော်ဘုတ်တစ်စင်းကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုသတင်းရင်းမြစ်က ဆက်ပြောသည်။
“ပထမတစ်စင်းက ဒုံးပိုက်နဲ့ ချိန်ခါလီကြားမှာ စက်ပျက်လို့ ရပ်ထားတဲ့အချိန် ဖမ်းတာ။ နောက်တစ်စင်းကကျတော့ စက်ပျက်လို့ ရပ်ထားတဲ့ မော်တော်ဘုတ်က လူတွေကို လာခေါ်တဲ့အချိန်မှာ အဖမ်းခံရတာလို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။
AA ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်သည့် မော်တော်ဘုတ်ထဲတွင် ဆေးခြောက် (3kg) ၃ ထုပ်၊ (2kg) ၃ ထုပ်၊ (1kg) ၁၇ ထုပ်၊ စုစုပေါင်း ၂၃ ထုပ်နှင့် ယားနာလိမ်းဆေး ၂ အိတ်၊ သန္ဓေတားဆေး ၂ အိတ်၊ ဖုန်း ၄ လုံး အပါအဝင် တာကာငွေ ၅၀၀ တို့ကို သိမ်းဆည်းရမိထားသည်ဟု Arakan Princess Media (APM) က ရေးသားဖော်ပြထားသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို တရားဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
