တနင်္သာရီတိုင်း ၄ မြို့နယ်ကို စစ်တပ် ဗုံးပတ်ကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဓာတ်ပုံ - Daemocacry Movement Strike Committee - Dawei
ပုံစာ - ဒဏ်ရာရသူတစ်ဦးကို ဆေးရုံပို့နေစဉ်။

တနင်္သာရီတိုင်းမှ ထားဝယ် ၊ သရက်ချောင်း ၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးပတ်ကြဲခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၁၁ နာရီဝန်းကျင်မှစတင်ကာ ယင်းမြို့နယ် ၄ ခုကို Y 12 လေယာဉ် ၂ စင်းဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချခဲ့‌ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ်၊ ဝေဒီရွာရှိ အသက် ၆၀ ဝန်းကျင်အရွယ် ယောက္ခမဖြစ်သူ ဒေါ်တင်ရှိန်နှင့် အသက် ၃၄ နှစ်အရွယ် သမက်ဖြစ်သူ ကိုဝေယံဖြိုးတို့ ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း Daemocacry Movement Strike Committee – Dawei ထံကသိရသည်။

“ထိခိုက်သေဆုံးကတော့ ကြေညာချက်မှာပါတဲ့ ဝေဒီရွာတစ်ရွာမှာပါပဲ။ကျန်တဲ့နေရာတွေတော့ မရှိဘူး။ကျန်တဲ့နေရာတွေကလည်း လူနေတဲ့နေရာတွေ ၊ လူနေတဲ့ရွာတွေ ၊စာသင်ကျောင်းတို့ ဘာတို့ပေါ့နော်။ အဲ့လိုမျိုးအနီးဝန်းကျင်တွေပဲကျတာ။ ကံကောင်းလို့ လူမထိတာပေါ့နော်”ဟု Daemocacry Movement Strike Committee – Dawei မှ တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။

လောင်းလုံးမြို့နယ်၊ဝေဒီရွာ အိမ်ခြံဝင်းထဲသို့ ဗုံးကျရောက်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၀ အရွယ် ရှိ ဦးယူစိန် ၊ အသက် ၃၀ အရွယ်ရှိ ကိုဝေယံဖြိုး၏ မိန်းမ၊ အသက် ၁၀ နှစ်အောက် ၎င်းတို့၏ ကလေးငယ် ၂ ဦးနှင့် အခြား ကလေးငယ် တစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်တပ်သည် ထားဝယ်မြို့နယ်မှ ပကာရီ ၊ ပခပ် ၊ ရေဝိုင်း ၊ သရက်ချောင်းမြို့နယ်မှ ကင်းရှေ့ ၊ ဥတ္တူ ၊ စော်ဖျား ၊ မဲနယ်အိုး နှင့် လောင်းလုံးမြို့နယ်မှ ဝေဒီ ၊ သပြေရှောင် ၊ ကြက်ယက်တွင်း နှင့် ကျောက်တွင်း ကျေးရွာများအနီးသို့ ဗုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်တွင် ထားဝယ်မြို့သို့ မင်းအောင်လှိုင် လာရောက်မည်ဖြစ်သောကြောင့် မြို့ပေါ်နေရာအနှံ့ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းထွက်ပေါ်နေသည်။