ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ပေးနေသည့် ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းတွင် အရေးပေါ်လူနာတင်ကားတစ်စီး လိုအပ်နေကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ ပိုမိုများပြားလာပြီး အရေးပေါ်လူနာတင်ယာဉ် မလုံလောက်မှုကြောင့် လူနာများကို ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
ထို့ကြောင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရေးပေါ်လူနာတင်ယာဉ် (Ambulance) တစ်စီး လိုအပ်လျက်ရှိနေခြင်းဖြစ်ကြောင်း ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမျိုးချစ်က ပြောသည်။
“လက်ရှိမှာတော့ ကျနော်တို့ ကားတစ်စီး ဝယ်ယူနိုင်ဖို့အတွက် ပြည်တွင်း ပြည်ပအလှူရှင်တွေဆီက အလှူငွေကောက်ခံနေတာဖြစ်ပါတယ်။ ကားက မရှိသေးဘူး။ အဓိက လူနာတွေကို အရေးပေါ် ကူညီကယ်ဆယ်နိုင်ဖို့အတွက် ကျနော်တို့ မျိုးချစ်လူငယ်ဖောင်ဒေးရှင်းမှာ အရေးပေါ်လူနာတင်ကားတစ်စီး လိုအပ်နေပါတယ်” ဟု ကိုမျိုးချစ်က ပြောသည်။
ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ရခိုင်ပြည်သူလူထုနှင့် စစ်ဘေးရှောင်ပြည်သူများ၊ သက်ကြီးရွယ်အိုများကို လိုအပ်သလို ကူညီပေးနိုင်ရေး ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းတွင် အသင်းဝင် ၁၂ ဦးအထိရှိပြီး ပုဏ္ဏားကျွမ်း၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်များအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မြေပြင်တွင် အဓိက လုပ်ကိုင်နေကြသူများဖြစ်သည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရေးပေါ်အကူအညီလိုအပ်သူများကို မြေပြင်သို့ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းကာ ကယ်ဆယ်ရေးလုပ်ကိုင်ပေးနေကြသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီမျိုးချစ်လူငယ်ဖောင်ဒေးရှင်းက လူငယ်တွေက တကယ့်မြေပြင်မှာ လုပ်နေကြသူတွေပါ။ ယိုးငုံဗုံးကြဲခံရတဲ့ ဖြစ်စဉ်တွေမှာဆိုလည်း တခြားကူညီကယ်ဆယ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတာရှိတယ်” ဟု ၎င်းက ပြောသည်။
အသင်းတွင် လူနာတင်ယာဉ်မရှိသည့်အတွက် အသင်း၏လုပ်ဆောင်ချက်များ နှေးကွေးနေပြီး ပိုမိုမြန်ဆန်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပအလှူရှင်များ အကူအညီလိုအပ်နေကြောင်း အသင်းဝင်တစ်ဦးက ပြောသည်။
“လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်တဲ့သူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ လူနာတင်ယာဉ်မရှိတာကြောင့် အခက်အခဲကြုံရတယ်။ ယိုးငုံရွာဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ အရေးပေါ်လူနာကများပြီးတော့ လူနာတင်ကားက တစ်စီးတည်းဆိုတော့ အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ တစ်ခါတလေ အသင်းဝင်တွေရဲ့ကားကို ယူသုံးရတယ်” ဟု ဖောင်ဒေးရှင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းကို စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေး၊ သက်ကြီးရွယ်အိုများအား ဆေးကုသစရိတ် ထောက်ပံ့နိုင်ရေး စသည့် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြခြင်းဖြစ်သည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ကမြို့နယ်တချို့ကို စစ်ကော်မရှင်က ယခင်ကထက် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာနေပြီး ပြည်သူအများအပြား ထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်။
အလှူငွေများဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် လူနာတင်ယာဉ်တစ်စီး ရရှိရေးအတွက် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါရန် ဖောင်ဒေးရှင်းက မေတ္တာရပ်ခံထားသည်။
