ဖားကန့် ဓားပြတိုက်မှု စစ်သားများ ကျူးလွန်ဟု ဒေသခံတို့ ယူဆ၊ ကျပ်သိန်း ၄၀၀ ပါသွား

ဓာတ်ပုံ - Lung Jung LA N Facebook
ပုံစာ - ဧပြီ ၆ရက်နေ့တွင် တွေ့ရသည့် လုံးခင်းရွာမြင်ကွင်း။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၄၀၀ ခန့်ပါသွားကြောင်း သိရသည်။

ဧပြီ ၂၅ရက်၊ ည ၁၁ နာရီခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက် ၃၊ ဘုန်းကြီးလမ်းကြားရှိ နေအိမ်တစ်အိမ်ကို သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား၅ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ ကြောင်း လုံးခင်းကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

” ည ၁၁ လောက် မိုးရွာပြီးခါစအချိန်ဗျာ။ အရပ်ဝတ်နဲ့ကို သေနတ်ပါတယ်။ G3 ဖြစ်မယ်လို့ ယူဆရ ပါတယ်။ မျက်နှာကို မက်စ်တွေတပ်၊ ပုဝါတွေစည်းထားတော့ ဘယ်သူဘယ်ဝါလည်း မသိရပါဘူး။ လင်မယားနှစ်‌ယောက်ပဲနေတာပါ။ သိန်း ၄၀၀ ဖိုးလောက်ပါသွားတယ်လို့သိရပါတယ်။ လူတွေတော့ ဘာမှမဖြစ်ပါဘူး” ဟု ၎င်းက ပြောသည်။

ဓားပြများက ကျပ်သိန်း ၆၀၊ Iphone 16 Pro Max ၂လုံး၊ ကျောက်စိမ်းဟန်းချိန်းတစ်ခု၊ ရွှေဆွဲကြိုးနှင့် လက်ကောက်တို့ ယူသွားကြောင်း သိရသည်။

” ကားသော့နဲ့ဆိုင်ကယ်သော့ တောင်းတာ။ အဲဒီအချိန်မှာ ဆိုင်ကယ်အသံက ထမြည်လို့ ပါမသွား တာ။ အသံကြားပြီး ပတ်ဝန်းကျင်ရိပ်မိမှာစိုးလို့ မြန်မြန်ပြန်ထွက်သွားကြတာ။ တိုက်တဲ့သူတွေက စစ်သားတွေနဲ့ ပြည်သူ့စစ်‌တွေ ဖြစ်ဖို့များတယ်ဗျ။ G3 သေနတ်ကလည်း သူတို့ပဲကိုင်နေကြ။ နောက် ပြီး လုံးခင်းရွာထဲမှာလည်း သူတို့တွေပဲ လှည့်ပတ်သွားလာပြီး လမ်းထောင့်မှာ ပြည်သူတွေဆီက ပါသ မျှ အကုန်ယူနေတာ။ ဒီလိုလုပ်တာ သူတို့ပဲဖြစ်မှာ” ဟု ၎င်းက ဆက်လက်ပြောသည်။

လုံးခင်းကျေးရွာနေ ပြည်သူများကလည်း ဓားပြတိုက်သူများကို စစ်သားများဟု ယူဆကြကြောင်း သိရသည်။

ဧပြီ ၂ရက်မှစတင်ကာ ဖာကန့်မြို့နယ်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး စစ်သားနှင့် ပြည်သူ့စစ်တို့က လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ လမ်းဆုံ၊လမ်းထောင့်များ၌ လုံခြုံရေးအကြောင်းပြ စစ်ဆေးကာ ပြည်သူများနှင့်အတူ ပါလာသော ငွေနှင့်ပစ္စည်းများအား အဓမ္မလုယက်နေကြောင်း သိရ သည်။