စစ်တပ်စွန့်ခွာ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်းရမိမှု ယခုလအတွင်း ၆၀ ကျော် ရှိ

ဓာတ်ပုံ-MOD

ယခုလအတွင်း အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၆၀ကျော်ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

ဧပြီတတိယပတ်တွင် အလင်းဝင်နှင့်စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း အယောက်၃၀၊ ဧပြီဒုတိယ ပတ်တွင် ၁၅ဦးနှင့် ဧပြီပထမပတ်တွင် ၁၈ဦး စုစုပေါင်း ၆၃ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန် ချက်များအရ သိရသည်။

“ယူနီဖောင်းဝတ်ဘဝမှာ ပြည်သူကို ရန်သူလုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သမ္မတအတုဘဝမှာ ငြိမ်းချမ်းရေးအတုနဲ့ ပြည်သူတွေကို ကမ်းလှမ်းနေပေမယ့် ဘယ်တော်လှန်ရေးတပ်ဖွဲ့မှ အဖက် မလုပ်ကြတော့ပါဘူး။ဒီလိုအချိန်မှာ ရဲဝင်းဦးက မြို့ ၆၀ ‌ကို စစ်အုပ်ချုပ်ချုပ်ရေး ထကြေညာလိုက် တာဟာလည်း စစ်တပ်နဲ့စစ်အစိုးရတို့ရဲ့ ပရမ်းပတာ နိုင်ငံရေးအခြေအနေကို ဝန်ခံလိုက်သလို ဖြစ် သွားစေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီမိုးဒီလေ ဒီလူတွေနဲ့ကတော့ စစ်သားတွေ အိမ်ပြန်လမ်း ဝေးနေ ကြဦးမှာ အသေအချာပေပဲမို့ နတ်ရေကန်က စစ်သားငတုံးတွေလို လူဖြစ်မရှုံးစေဖို့ ကိုယ့်ထွက်ပေါက် ကိုယ် စဉ်းစားသင့်ကြပါပြီ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

ဧပြီလ၃ပတ်တာအတွင်း အလင်းဝင်လာသည့် စစ်သား၃၃ဦးရှိသည့်အနက် ၃၁ဦးမှာ စစ်မှုထမ်းတပ် သားသစ်များဖြစ်ကြောင်း သိရသည်။

“ပစ(စစ်မှုထမ်းတပ်သား)တွေ အုပ်စုလိုက် ဝင်လာတာမျိုးတွေ တွေ့လာရတယ်။သတင်းတွေအရ ရွှေကျင်၊ကျောက်ကြီးဂွင်တွေမှာ။ ပစ တွေ အလင်းမဝင်အောင် စစ်တပ်ထဲမှာ ခြိမ်းခြောက်မှုတွေ၊ တင်းကျပ်မှုတွေ ပိုလုပ်လာတယ်လို့လည်း သိရတယ်။ပြဿနာက ကျနော်တို့ တော်လှန်ရေးအင်အား စုတွေဘက်က အလင်းဝင်ချင်တဲ့ ပစတွေ အလင်းဝင်လာတာ ပိုများလာအောင် အားစိုက်လုပ်နေတာ မျိုး မတွေ့ရတာပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

ကျောက်ကြီးမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ဇန်နဝါရီမှ မတ်လအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး ကေအဲန်ယူထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံစာ၌ ဖော်ပြထားသည်။