အမေရိကန်မီဒီယာလုပ်ငန်းများတွင် ရှေ့ဆုံးသို့ရောက်လာသည့် YouTube က ထုတ်လုပ်မည့် အကြောင်းအရာများ ဖန်တီးရာတွင် AI ကို အလေးထားလာ

YouTube အရည်အသွေးနိမ့်ပြီး ကုန်ကျစရိတ်နည်းသော ဗီဒီယိုအတိုများကို တင်လေ့ရှိသည့် လူငယ်အပျော်တမ်းအသုံးပြုသူများ၏ ဗီဒီယိုဆိုက်အဖြစ်မှ စက်တင်ဘာ ၁၆ ရက်က နှစ် ၂၀ ပြည့်လာသည့်အချိန်တွင် ပုံစံပြောင်းလဲလိုက်သည်။

ဗြိတိန်ပေါ့ပ်စတားDua Lipa ကဲ့သို့သော နာမည်ကျော်များအပါအဝင် သုံးစွဲသူ ၂.၇ ဘီလီယံကို ထိန်းချုပ်ထားသည့် YouTube သည် အမေရိကန်များအတွက် ရုပ်သံကြည့်ရှုရန် လူကြိုက်အများဆုံး နည်းလမ်းဖြစ်လာပြီး ယခင်က ရှေ့ရောက်နေသည့် Disney ၏ မီဒီယာမှ ရရှိသော ဝင်ငွေကို ယခုနှစ်တွင် ကျော်လွန်ရန် မျှော်လင့်ရသည်။

စက်တင်ဘာ ၁၆ ရက်က ကျင်းပသော ကုမ္ပဏီ၏ နှစ်ပတ်လည် “Made on YouTube” ထုတ်ကုန်မိတ်ဆက်ပွဲ၌ Alphabet ၏ Google မှ ပိုင်ဆိုင်သည့် YouTube ၏ အမှုဆောင်များသည် လာမည့် ဆယ်စုနှစ်များအတွင်း YouTube က လေလှိုင်းများကို မည်ကဲ့သို့ လွှမ်းမိုးသွားမည်ဆိုသည့် ရည်ရွယ်ချက်ကို ဖော်ပြခဲ့ရာတွင် အဓိကနည်းလမ်းအဖြစ် AI ကို ဖော်ပြခဲ့သည်။

YouTube သည် ယခုပွဲတွင် မီဒီယာအမှုဆောင်များ၏ ကန့်သတ်ချက်များမရှိဘဲ လုပ်ဆောင်နိုင်သည့် ဗီဒီယိုဖန်တီးသူများကို မီဒီယာ၏ အနာဂတ်အဖြစ် အလေးပေးပြသခဲ့သည်။ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ပြန်လည်စိတ်ကူးပုံဖော်နိုင်ခြင်း သို့မဟုတ် အကြောင်းအရာအသစ်များကို လုံးဝဖန်တီးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည့် AI နည်းပညာသုံး ကိရိယာအများအပြားဖြင့် ၎င်းတို့ကို ကူညီပေးသွားမည်ဟု ဆိုသည်။

ယင်းအယူအဆကို ဟောလိဝုဒ်က ၂၀၂၃ ခုနှစ်တွင် လအတော်ကြာ သပိတ်မှောက်၍ ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

AI နည်းပညာများ တိုးတက်လာမှုကြောင့် ထုတ်လုပ်သည့်အကြောင်းအရာဖန်တီးသူများ၏ အလုပ်များ ပျောက်ဆုံးသွားမည်ဟူသော အယူအဆကို YouTube ၏ CEO ဖြစ်သူ နယ်လ်မိုဟန်နှင့် အခြားတင်ဆက်သူများသည် ပယ်ချခဲ့သည်။

“ဒါတွေဟာ ကိရိယာတွေပဲ ဖြစ်ပါတယ်။ ဘယ်စတူဒီယို၊ ကွန်ရက်၊ နည်းပညာကုမ္ပဏီ ဒါမှမဟုတ် AI ကိရိယာတစ်ခုကမှ ဖျော်ဖြေရေးရဲ့ အနာဂတ်ကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး” ဟု မိုဟန် က ဆိုသည်။

YouTube ၏ နောက်ထပ် နှစ် ၂၀ အတွင်း ဖန်တီးမှု လုပ်ငန်းစဉ်တွင် AI သည် ပိုမိုအရေးပါလာသည်နှင့်အမျှ YouTube ပေါ်တွင် ဗီဒီယိုများ ဖန်တီးခြင်းကို အလားအလာကောင်းသော၊ နှစ်သစ်စရာကောင်းသော၊ ရေရှည်တည်တံ့သော အလုပ်အကိုင်လမ်းကြောင်း အဖြစ် ရှုမြင်သင့်ကြောင်း မိုဟန်က ပြောကြားခဲ့သည်။

Google ၏ စီးပွားရေးခိုင်မာမှုနှင့် စျေးကွက်ဦးဆောင် AI နည်းပညာတို့၏ ပံ့ပိုးမှုဖြင့် YouTube သည် ၂၀၂၄ ခုနှစ်အတွင်း စျေးကွက်ကို အများဆုံး လွှမ်းမိုးခဲ့သည့် Disney ကို ကျော်တက်၍ ဦးဆောင်နေကြောင်း Nielsen ၏ အချက်အလက်များက ဖော်ပြသည်။

ဇူလိုင်လတွင် YouTube သည် အမေရိကန်ကြည့်ရှုသူ ၁၃.၄ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး Disney ကမူ ၉.၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

မီဒီယာ၊ ဖျော်ဖြေရေးနှင့် နည်းပညာလုပ်ငန်းများအတွက် သုတေသနပြုသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် MoffettNathanson မှ လေ့လာဆန်းစစ်သူများကလည်း YouTube ၏ ယခုနှစ်ဝင်ငွေသည် Disney ကို ကျော်လွန်လိမ့်မည်ဟု မကြာသေးမီက ခန့်မှန်းခဲ့သည်။ ၎င်းတို့၏ ခန့်မှန်းချက်အရ Disney သည် ပြီးခဲ့သည့်နှစ်က မီဒီယာဝင်ငွေ ဒေါ်လာဘီလီယံ ၆၀ နီးပါး ရရှိခဲ့သည်။

Google ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းပြီးနောက် YouTube ၏ မိခင် ကုမ္ပဏီဖြစ်လာသော Alphabet သည် YouTube ၏ ဝင်ငွေကို ပုံမှန်ထုတ်ပြန်လေ့မရှိသော်လည်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ လေးလပတ်အတွင်း YouTube ကြော်ငြာနှင့် စာရင်းသွင်းအသုံးပြုသူဝင်ငွေ စုစုပေါင်းသည် ဒေါ်လာဘီလီယံ ၅၀ ကျော်လွန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

YouTube သည် ၎င်း၏ပလက်ဖောင်းပေါ်တွင် အောင်မြင်မှုရရှိခဲ့သူများဖြစ်သည့် Dua Lipa, Mark Rober, Smosh နှင့် Brandon B. တို့ကဲ့သို့ နာမည်ကျော် အကြောင်းအရာဖန်တီးသူများကို စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ကုန်အသစ်များ ပြသရာတွင် ဖိတ်ခေါ်အသုံးပြုခဲ့သည်။

အချို့ သည် (သက်ဆိုင်ရာ ချန်နယ်တစ်ခုစီတွင် အနည်းဆုံး စာရင်းသွင်းသူ ၁၆ သန်းရှိသူများ) ကြည့်ရှုသူ ကျဆင်းလာသည့် ညနှောင်းပိုင်းရုပ်သံအစီအစဉ် တင်ဆက်သူများ၏ နေရာကို ယူထားကြသည်။

အချို့ကိစ္စများတွင် ၎င်းတို့၏ စာရင်းသွင်းသူများသည် ဟောလိဝုဒ်ကြယ်ပွင့်များ၏ လူမှုမီဒီယာနောက်လိုက်များနှင့် ယှဉ်ပြိုင်နိုင်သည့်အဆင့် ရှိနေပြီး၊ ၎င်းသည် မီဒီယာသုံးစွဲသူမျိုးဆက်သစ်များအတွက် ၎င်းတို့မည်မျှ ဆွဲဆောင်နိုင်သည်ကို ဖော်ပြနေသည်။

နှစ်ပတ်လည်အခမ်းအနားတွင် Lipa က သူမ၏ ပရိသတ်များနှင့် ပိုမိုရင်းနှီးစွာ ဆက်သွယ်နိုင်ရန် ကူညီပေးသည့်အတွက် YouTube ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

YouTube သည် လွန်ခဲ့သည့် လေးနှစ်အတွင်း အကြောင်းအရာဖန်တီးသူများကို ဒေါ်လာဘီလီယံ ၁၀၀ ကျော် ပေးချေခဲ့ကြောင်း Mohan က ပြောကြားခဲ့သည်။ အချို့သော ဗီဒီယိုဖန်တီးသူများသည် ၎င်းတို့၏ ဝင်ငွေအချို့ကို ပိုမိုပြည့်စုံပြီး ပရော်ဖက်ရှင်နယ်ဆန်သော ဗီဒီယိုများ ပြုလုပ်ရန်အတွက် ဟောလိဝုဒ်စတူဒီယိုများကဲ့သို့ ထုတ်လုပ်ရေး အဆောက်အအုံများ တည်ဆောက်ရာတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ကုမ္ပဏီသည် ယခုနှစ်တွင် မိတ်ဆက်ခဲ့သည့် ထုတ်ကုန်အသစ် အရေအတွက်မှာ ပြီးခဲ့သည့်နှစ်ပွဲနှင့် နှိုင်းယှဉ်ပါက သုံးဆတိုးလာခဲ့သည်။

ထုတ်ဖော်ပြသခဲ့သော အကြောင်းအရာအသစ် ၃၀ ကျော်အနက် အများစုတွင် AI ကို ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်ရန် သို့မဟုတ် အကြောင်းအရာအသစ်များ ဖန်တီးရန်အတွက် ထည့်သွင်းထားသည်။

ယင်းအကြောင်းအရာများတွင် ဗီဒီယိုများအတွင်းသို့ သက်ဆိုင်ရာ ဈေးဝယ်လင့်ခ်များကို အလိုအလျောက် ထည့်သွင်းပေးခြင်း သို့မဟုတ် ကလစ်အစုအဝေးတစ်ခုကို ဗီဒီယိုတစ်ခု၏ ပထမဆုံးအကြမ်းဖြတ်အဖြစ် ချက်ချင်းနီးပါး တည်းဖြတ်ပေးခြင်းစသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။ YouTube သည် အသံဖိုင်သက်သက် ပေါ့ဒ်ကတ်စ်များအတွက် AI မှ ဖန်တီးပေးသည့် ဗီဒီယိုများနှင့် စကားပြောသံကို သီချင်းအဖြစ် ပြောင်းလဲပေးသည့် ကိရိယာကိုလည်း မိတ်ဆက်ခဲ့သည်။

YouTube ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဖန်တီးသူများဆိုင်ရာ ထုတ်ကုန်များကို စီမံခန့်ခွဲသူဖြစ်သည့် အမ်ဂျက်ဟန်နစ်ဖ်က ထုတ်ကုန်အသစ်များကို လျင်မြန်စွာ တီထွင်နိုင်ခြင်းမှာ YouTube ဝန်ထမ်းများကိုယ်တိုင်ကပင် စိတ်ကူးစိတ်သန်းများ ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်ရန် AI ကို အသုံးပြုခြင်းကြောင့်ဟု တစ်စိတ်တစ်ပိုင်း ယူဆနိုင်ကြောင်း Reuters ကို ပြောကြားခဲ့သည်။