ရန်ကုန်လမ်းများပေါ် လူဖမ်း ငွေညှစ်ခြင်းကို စစ်တပ်နှင့် မဆိုင်သူများလည်း လုပ်ဆောင်လာဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

ရန်ကုန်မြို့ လမ်းမများပေါ် လူဖမ်းဆီး ငွေညှစ်ခြင်းကို စစ်တပ်နှင့် မသက်ဆိုင်သူများက လုပ်ဆောင် လာကြောင်း သိရသည်။

ရန်ကုန်မြို့ လမ်းမများပေါ် သွားလာနေသည့်ပြည်သူများအား အလစ်ဝင်ဖမ်းကာ စစ်မှုထမ်းသင်တန်း ကျောင်းသို့ ပို့ဆောင်ခြင်းကို ရန်ကုန်အခြေစိုက်စစ်သားနှင့် ပျူစောထီးတို့က တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိရာ ယခုလအတွင်း စစ်တပ်နှင့်မဆိုင်သည့်သူများကလည်း စစ်မှုထမ်းအတွက် ဖမ်း ဆီးသယောင်ဖြင့် ပြန်ပေးဆွဲငွေညှစ်နေကြောင်း ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်ထံက သိရသည်။

“အခုအချိန်ထိ အဲဒီလို ပုံမှားရိုက် ပြန်ပေးဆွဲနေတဲ့ကောင်တွေကို ရဲတပ်ဖွဲ့က ဖမ်းမိတာမျိုးတော့ မရှိ သေးဘူး။ဒါပေမဲ့၊ရဲနဲ့ လူမိုက်ဆိုတာ မကင်းရာမကင်းကြောင်းတွေဆိုတော့ ရန်ကုန်လူမိုက်တွေဆီက နေ ကျနော်တို့ အခိုင်အမာ သိရတာ။ဒီလထဲမှာ အဲလိုတွေ များလာတယ်”ဟု ၎င်းက MPAသို့ပြော သည်။

ပေါ်တာဆွဲသူများရော ပြန်ပေးဆွဲသူများပါ အိမ်စီးကားကိုသုံးကာ အရပ်ဝတ်ဖြင့် သေနတ်လည်း ပါလာလေ့ရှိသဖြင့် အမှန်တကယ် ပေါ်တာဆွဲခြင်း ဟုတ်၊မဟုတ် ခွဲခြားရ မလွယ်ကူကြောင်း ၎င်းကဆိုသည်။

“ပြောရရင် ရန်ကုန်ရဲဆိုတာ စစ်တပ်ကိုကြောက်ရတယ်။အဲဒါကြောင့် ကိုယ်က စစ်သားမဟုတ်တဲ့ အတုတွေထင်ပြီး ဝင်ဖမ်းပြီးမှ အတုမဟုတ်ဘဲ စစ်သားအစစ်ဆိုရင် အနည်းဆုံးတော့ ပါးရိုက်ခံရမယ်။ နယ်ပြောင်းခံရတာတွေ ဖြစ်နိုင်တယ်။ပြီးတော့ အတုဆိုတာ သေချာဦးတော့၊ဟိုကောင်တွေဆီမှာ သေနတ်ပါတယ်။ရဲလောက်လည်း မကြောက်ဘူးဆိုတာ ကိုယ့်အသက်အသေခံပြီး ဘယ်သူမှ ဝင်မ ဖမ်းရဲဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်မှုထမ်းအတွက် ပေါ်တာဆွဲသူများသည် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များကို ပစ်မှတ် ထားဖမ်း ဆီးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

“အခု ရန်ကုန်မှာ အမျိုးသမီးငယ်ငယ်ရွယ်ရွယ်တွေလည်း ပျောက်နေတာအမှန်ပဲ။ဘာ့ကြောင့် ပျောက်သလဲဆိုတာတော့ အခုတော့ မကွဲသေးဘူး။စစ်မှုထမ်းအတွက်လား၊လူမှောင်ခိုလား၊ပြန်ပေး ဆွဲတာလား အဲဒါတော့ သေချာမပြောနိုင်ဘူး”ဟု ၎င်းကဆိုသည်။

စစ်မှုထမ်းအတွက် လူတစ်ဦး ဖမ်းဆီးမိလျှင် ၁၀သိန်း၊၁၅သိန်းမှစ၍ သိန်း၅၀အထိ ရရှိနေသော ကြောင့် ရန်ကုန်မြို့၌ စစ်သား၊ပျူစောထီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အင်တိုက်အားတိုက် ပေါ်တာဆွဲနေကြပြီး စစ်တပ်နှင့် အဆင်ပြေသော ရဲအချို့လည်း လုပ်ဆောင်နေကြောင်း ရဲသတင်းရင်းမြစ်ကဆိုသည်။