အငြင်းပွားနယ်စပ်တစ်နေရာတွင် ထိုင်းရဲများက ကမ္ဘောဒီးယား အရပ်သားများကို မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆန်များဖြင့် စက်တင်ဘာ ၁၇ ရက် ပစ်ခတ်ခဲ့ကြောင်း နှစ်နိုင်ငံ အာဏာပိုင်များက ပြောကြားသည်။
ယခုဖြစ်စဉ်သည် ဇူလိုင်လက ဖြစ်ပွားခဲ့သော လူသေဆုံးမှုများရှိခဲ့သည့် ငါးရက်ကြာ ပဋိပက္ခကို အဆုံးသတ်ရန် အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း အကြီးမားဆုံး တင်းမာမှုဖြစ်သည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ကမ္ဘောဒီးယား ၂၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယား အာဏာပိုင်များက ပြောကြားခဲ့ပြီး ထိုင်းစစ်တပ်ကလည်း ထိုင်းအရာရှိအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် အငြင်းပွားနယ်စပ်ရွာသည် ထိုင်းနိုင်ငံက ဆာခေးအော့ပြည်နယ်ရှိ ဘန်နောင်ယာခေးရွာ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသော်လည်း ကမ္ဘောဒီးယားကမူ ဘန်သီယေးမင်းချေးပြည်နယ်ရှိ ပရေချန်း ရွာ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုထားသည်။
ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်လက အဆိုပါဒေသ၌ ဆူးကြိုးခြံစည်းရိုးများ စတင်ကာရံခဲ့ပြီးနောက်ပိုင်း နယ်စပ်နှစ်ဖက်စလုံးမှ အရပ်သားများ၏ ဆန္ဒပြမှုများ ရက်သတ္တပတ်များစွာ ဖြစ်ပေါ်ခဲ့သည်။
ထိုင်း အာဏာပိုင်များက နယ်စပ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းနှင့် ကမ္ဘောဒီးယား အရပ်သားများအပေါ် မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်များနှင့် ဆူညံသံပြုလုပ်သည့် ကိရိယာများကို အသုံးပြုခဲ့သည်ဟု ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နသ်ဖီခထရာက စွပ်စွဲခဲ့သည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယား ဆန္ဒပြသူ ၂၀၀ ခန့်၏ ရန်စမှုအပေါ် တုံ့ပြန်ခြင်းဖြစ်ပြီး အချို့မှာ တုတ်နှင့် ကျောက်ခဲများ ပစ်ပေါက်ကာ လေးဂွများဖြင့် ပစ်ခတ်ခဲ့ရာ ထိုင်းအရာရှိများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
