လားရှိုးမြို့နယ်၊ အီနိုင်းရွာအနီး၌ MNDAA တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ဒေသခံ ၇၀ ကျော်ကို ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က ကိုးကန့်တပ် (MNDAA) သည် စစ်အင်အား ၅၀ ခန့် အသုံးပြုကာ လားရှိုး – နမ္မတူ လမ်းမပေါ်တွင် မူးယစ်ဆေးဝါးမှု အကြောင်းပြချက်ဖြင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ကလေးတွေ အပြစ်မရှိရင် ပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်တယ်။ တချို့သူတွေမှာ အနောက်ကနေ မျှော်နေတဲ့ မိသားစုတွေ ရှိသေးတယ်။ တချို့မိသားစုတွေက သားသမီးတွေကို မျှော်၊ တချို့မိသားစုတွေက အမျိုးသားတွေကို မျှော်ပြီး စိတ်ပူပင်သောက ရောက်နေကြပါတယ်။ ဘယ်ရောက်နေမှန်းလည်း မသိဘူး၊ ထမင်းစားလည်း မဝင်ဘူး” ဟု အီနိုင်းရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ကိုးကန့်တပ်က ဖမ်းဆီးသွားသည့် ဒေသခံများတွင် အီနိုင်းရွာခံ၊ ၁၀ မိုင်ကုန်းရွာခံနှင့် တောင်တလောင်ကျေးရွာမှ ဒေသခံများ အများဆုံး ပါဝင်ပြီး အခြားမြို့ရှိ ဒေသခံများလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
အီနိုင်းကျေးရွာအပြင် လားရှိုးမြို့အဝင်ရှိ မယ်ဟန်၊ ခေးနင်းနှင့် ရှမ်းခိုက်သို့ သွားသည့် လမ်းမပေါ်တွင်လည်း ကိုးကန့်တပ်က မကြာခဏ ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။
“အဲဒီနေ့က လမ်းမပေါ် သွားလာနေတဲ့ ဒေသခံတွေကို စစ်ဆေးပြီး ဖမ်းတာ။ ကျွန်တော်တောင် လမ်းမှာ စစ်ဆေးနေတယ်လို့ သိတာနဲ့ ဆက်မသွားလို့ ကံကောင်းသွားတယ်။ ဖမ်းသွားတာက လူငယ်လတ်ပိုင်းနဲ့ လူငယ်တွေ များတယ်။ သက်ကြီးရွယ်အိုတွေကိုတော့ လွှတ်ပေးတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းတယ်လို့ ပြောပေမဲ့ တစ်ရက်တည်း မူးယစ်ဆေး သုံးစွဲသူ ၇၀ ကို ဖမ်းနိုင်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ အကြောင်းပြချက် တစ်ခုပါပဲ၊ တပ်သား အတင်းအဓမ္မ သစ်စုဆောင်းတာလို့ပဲ မြင်တယ်။ မူးယစ်မှုနဲ့ဆိုရင် မိဘတွေကို ပေးတွေ့ရမယ်လေ။ အခုက အကြောင်းလည်းမကြား၊ ဘယ်မှာရှိမှန်းလည်း မသိ၊ ပြန်လည်း မလွှတ်ပေးဘူး။ ကျွန်တော်တို့တောင် သတင်းတွေ ကြားနေရလို့ အခုထိ အဲဒီဘက်ကို မသွားဘူးဗျ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံ ၇၀ ကျော်ကို ကိုးကန့်တပ်က သိန္နီမြို့ဘက်သို့ ပို့ဆောင်သွားကြောင်း ၎င်းက ဆိုသည်။
“ပြန်လွှတ်ပေးလိုက်တယ်လို့တော့ မကြားသေးဘူး။ ကိုးကန့်တပ်တွေက တော်တော် လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်။ ဘိန်းစားဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး လူသစ်စုဆောင်းနေတာ မနည်းတော့ဘူး။ ရွာတိုင်းလိုလိုပဲ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုင်ငံရေး မတည်ငြိမ်သည့်အတွက် ဒေသခံများအနေဖြင့် လမ်းခရီး အသွားအလာကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဒေသခံများက အကြံပြု ပြောဆိုနေကြသည်။
