မွန်ပြည်နယ် ၊ ရေးမြို့အနီးတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၇ ရက်) မွန်းလွဲ ၃ နာရီခန့်တွင် ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထား သော ချောင်းတောင်မြစ်ကူးတံတား၌ လုပ်ပိုင်ခွင့် အာဏာအပြည့်ရှိသည့် ပျူစောထီးမောင်နိုင်အား ပစ်ခတ်ရှင်းလင်းခဲ့ရာ မျက်မြင် သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ယနေ့ ညပိုင်း၌ သတင်း ထုတ်ပြန်သည်။
“ချောင်းတောင်ရွာထဲမှာပဲ ဝင်ရောက်တိုက်ခိုက်တာပါ။ တံတားကအပြန် လမ်းခုလတ်မှာ စောင့်ပစ် တာပါ။ ပြန်ခုခံချိန် မရလိုက်ပါဘူး။ ချောင်းရွာက ရေးမြို့နဲ့အနီးဆုံးရွာပါ။ တံတားတစ်ခုပဲ ခြားတာပါ၊ ရေးမြို့နဲ့”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ပျူစောထီးခေါင်းဆောင် မောင်နိုင်သည် စစ်တပ်ခိုင်းသမျှကို မငြင်းမဆန် လုပ်ကိုင်ပေးလျက်ရှိပြီး ချောင်းတောင်မြစ်ကူးတံတားပေါ်တွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို မဖွယ်မရာ စစ်ဆေး ခြင်း ၊ ပြည်သူများထံမှ မတရား ငွေကြေးကောက်ခံခြင်းနှင့် တန်ဖိုးကြီးပစ္စည်းများကို သိမ်းယူခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းတောင်ကျေးရွာနှင့် ရေးမြို့အကြားတွင် ရေးမြစ်သာခြားပြီး စစ်တပ်ထိန်းချုပ်ထားသော နယ်မြေဖြစ်ကြောင်း သိရသည်။
